Top News

အနာဂတ်အတွက် စိုးရိမ်စရာဖြစ်လာသော်လည်း ကစားသမားများ၏ ယုံကြည်မှုရှိနေဆဲဟု အာတီတာ ဆို
24htopnews | September 18, 2024 8:12 PM CST

အာဆင်နယ်အသင်းနည်းပြ အာတီတာက အနာဂတ်အတွက် စိုးရိမ်စရာဖြစ်လာသော်လည်း ယခုအခြေအနေကိုကျော်ဖြတ်ရန်အတွက် ကစားသမားများ၏ ယုံကြည်မှုရရှိနေဆဲဖြစ်ကြောင်း တုံ့ပြန်ပြောကြားသည်။

''ကျွန်တော့်ရာထူးက အန္တရာယ်ရှိလာပြီဆိုတာကို နားလည်ပါတယ်။ ဒီအခြေအနေကနေ ကျော်လွှားနိုင်ဖို့ ကျွန်တော့်မှာရှိသမျှ ခွန်အားတွေရော အာရုံစိုက်မှုတွေပါ အပြည့်ထားထားပါတယ်။ အသင်းရဲ့စိတ်ဓာတ်ပိုင်းနဲ့ ကစားသမားတွေရဲ့ တိုက်ပွဲဝင်လိုစိတ်က အရင်အတိုင်းရှိနေသေးတယ်ဆိုတာ ကွင်းထဲမှာ ပြသနေပါတယ်။ ဒီအချက်ကို ခင်ဗျားတို့လည်း တွေ့ကြမှာပါ။ ရလဒ်ပိုင်းကတော့ မေးခွန်းထုတ်စရာမလိုပါဘူး။ လုံလောက်မှုမရှိလို့ ဒီလိုရလဒ်ထွက်လာတာပါ။ ဒီလိုအသင်းမျိုးရဲ့ အဆင့်အတန်းနဲ့ ဒီအခြေအနေက လက်ခံနိုင်စရာမရှိပါဘူး။ ဒါက စိန်ခေါ်မှုပါပဲ။ ဒီတိုက်ပွဲကို ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။ ကျွန်တော်တို့အနေနဲ့ နိုင်ပွဲတွေရဖို့ လိုနေပါတယ်။ ကျွန်တော့်ကောင်လေးတွေဆီမှာ တိုက်ပွဲဝင်လိုစိတ်ရှိနေသေးတယ်ဆိုတာ သေချာပါတယ်။ အဝတ်လဲခန်းထဲမှာ သူတို့တုံ့ပြန်ခဲ့တဲ့ပုံစံက သူတို့ဆီမှာ ယုံကြည်မှုရှိနေသေးတယ်လို့ ပြောပြနေပါတယ်။ ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ရှုံးပွဲတွေ အများကြီးကြုံတွေ့ရတာကြောင့် ထိခိုက်ခံစားရတာတွေက ပိုများလာပါပြီ။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေလိုပဲ ကျွန်တော်တို့ ကြိုးစားတယ်၊ ပွဲကိုလွှမ်းမိုးထားနိုင်တယ်၊ ဒါပေမဲ့ သေးငယ်တဲ့ အခိုက်အတန့်တွေကနေ ရှုံးပွဲကြုံခဲ့ရတာပါ။ အခွင့်အရေးတွေရပေမဲ့ အဆုံးသတ်ကန်သွင်းမှု၊ အဆုံးသတ်ပေးပို့မှုတွေက ကျွန်တော်တို့သွားနေတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ ဒါက ဆင်ခြေပေးတာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတာတွေအတွက် ယုံကြည်မှုဆက်ရှိနေဖို့ လိုပါတယ်''ဟု အာတီတာက ဆိုသည်။

အာတီတာအနေဖြင့် အာဆင်နယ်အသင်းနည်းပြသက်တမ်း တစ်နှစ်အကြာမှာပင် လမ်းခွဲရရန် နီးစပ်နေပြီး ထုတ်ပယ်ခံရနိုင်သည့်နည်းပြ ရေပန်းစားမှုစာရင်းတွင် အလေးပေးမှု ၄/၅ ဖြင့် ထိပ်ဆုံးနေရာ၌ရှိနေကြောင်း သိရသည်။

အာဆင်နယ်အသင်းအနေဖြင့် ရာသီအစ ၁၄ ပွဲကစားအပြီးတွင် ၁၄ မှတ်သာရရှိထားခြင်းမှာ ၁၉၇၄-၁၉၇၅ ရာသီနောက်ပိုင်း ၄၆ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ် ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ၁၄ ပွဲအပြီးတွင် လေးပွဲသာ အနိုင်ရထားပြီး နှစ်ပွဲနိုင်၊ ရှစ်ပွဲရှုံးဖြင့် ၁၄ မှတ်သာရရှိထားသလို နောက်ဆုံးခုနစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေကြောင်း သိရသည်။ 

ယခုအခြေအနေမှာ ၄၆ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်အဖြစ် မှတ်တမ်း ဝင်သွားပြီဖြစ်သလို တန်းဆင်းဇုန်နှင့် လေးမှတ်သာကွာဟတော့ပြီး တနင်္လာနေ့ကစားမည့်ပွဲတွင် အဆင့် ၁၇ နေရာမှ ဘန်လေအသင်း အနိုင် သို့မဟုတ် သရေရလဒ်ရရှိပါက ရမှတ်ကွာဟမှု ပိုမိုကျဉ်းမြောင်းသွားမည်ဖြစ်သည်။ 

    


READ NEXT
Cancel OK