Top News

စကူဒက်တိုအိပ်မက် မက်ရဲရမည်ဟု Legend ဆု ရယူအပြီး အသင်းဖော်များအား အီဘရာဟီမိုဗစ် တိုက်တွန်း
24htopnews | September 17, 2024 10:12 AM CST

အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က Gazzetta dello Sport သတင်းစာမှပြုလုပ်သော ဆုပေးပွဲ၌ Legend ဆုရယူပြီးနောက် မိန့်ခွန်းပြောကြားရာတွင် အေစီမီလန်အသင်းသားများအနေဖြင့် ၂၀၂၀-၂၁ ရာသီ စကူဒက်တိုဖလားကို အိပ်မက်မက်ရဲရမည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်သည် ၁၉၇၈ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့သော အီတလီနာမည်ကျော်သတင်းစာ Gazzetta dello Sport ၏ ဆုပေးပွဲတွင် အထူးဆုအဖြစ်ချီးမြှင့်သည့် Legend ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ဆုရယူပြီးနောက် အီဘရာဟီမိုဗစ်က ''ကျွန်တော် နေလို့ကောင်းနေပါတယ်။ အကောင်းဆုံးကြိုးစားဖို့ အမြဲဆန္ဒရှိပြီး အဲဒါ ကျွန်တော့် Philosophy ပါပဲ။ အသက် (၃၉)နှစ်မှာ ကျွန်တော်ဟာ နေထိုင်လို့ကောင်းအောင် ပုံမှန်ထက်ပိုပြီး လုပ်ရတဲ့အရာတွေ များပါတယ်။ မီလန်ကို ကျွန်တော် ရောက်ရှိလာခြင်းက လုံးဝခြားနားတဲ့ စိန်ခေါ်မှုပါ။ မီလန်ဟာ ထိပ်တန်းအဆင့်မှာ မရှိပါဘူး။ ဒီမှာ ကောင်းကောင်းလုပ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ခဲ့တယ်။ ဒီအသင်းကို ဒုတိယအကြိမ် ပြန်ရောက်လာတဲ့သူတွေက ပထမအကြိမ်တုန်းကလို စွမ်းဆောင်နိုင်လေ့ မရှိကြဘူး။ ဒါက ကျွန်တော့်အတွက် အကြီးမားဆုံးစိန်ခေါ်မှုပါပဲ။ ငါလုပ်မယ် ဇလာတန်၊ ငါ ပြောင်းလဲပစ်မယ်ဆိုပြီး ကျွန်တော် ကိုယ့်ကိုယ်ကို ပြောပါတယ်။ အသင်းအနေနဲ့ စကူဒက်တိုဖလားအိပ်မက်ကို မက်ဖို့ ရဲစွမ်းသတ္တိရှိရပါမယ်။ သွားစရာလမ်း အရှည်ကြီး ကျန်ပါသေးတယ်။ ဒီအသင်းက စိတ်အားထက်သန်မှု ရှိနေပါပြီ။ ကျွန်တော်ကတော့ ဒီထက်ပိုလိုချင်သေးတယ်။ ကျွန်တော့် သြဇာတိက္ကမကို အသင်းထံ ဖြန့်ဝေနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ကျွန်တော့်အရွယ် ကစားသမားတွေကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး အရှုံး မပေးဖို့ တိုက်တွန်းချင်ပါတယ်''ဟု မိန့်ခွန်းပြောကြားခဲ့သည်။

Gazzetta dello Sport သည် အီတလီအားကစားလောကတစ်ခုလုံးအား လွှမ်းခြုံ၍ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွက် ဆုပေးပွဲတွင် ဘောလုံးလောကမှ (၄)ဦး ဆွတ်ခူးနိုင်ခဲ့သည်။

အမျိုးသားထူးချွန်ဆုအတွက် အီမိုဘီလီ(လာဇီယို)၊ နည်းပြထူးချွန်ဆုအတွက် ပီအိုလီ(အေစီမီလန်)၊ အကောင်းဆုံးအသင်းဆုအတွက် အတ္တလန်တာနှင့် Legend ဆုအတွက် အီဘရာဟီမိုဗစ်တို့ ဆွတ်ခူးကြခြင်းဖြစ်သည်။


READ NEXT
Cancel OK