Top News

ရှန်ဟိုင်းတွင် သီတင်းတစ်ပတ်အတွင်း ဒုတိယမြောက်တိုင်ဖွန်း ဝင်ရောက်တိုက်ခတ်
24htopnews | September 21, 2024 5:12 PM CST

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် သီတင်းတစ်ပတ်အတွင်း ဒုတိယမြောက်တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သောကြောင့် မြို့၏နေရာအချို့တွင် စံချိန်တင်မိုးရေချိန်အမှတ် ရောက်ရှိမှုနှင့်အတူ စက်တင်ဘာ ၂၀ ရက်၌ ရှန်ဟိုင်းမြို့၏လမ်းများနှင့် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေသည်။

ရှန်ဟိုင်းမြို့တွင် စက်တင်ဘာ ၁၆ ရက်က ၁၉၄၉ ခုနှစ်နောက်ပိုင်း အင်အားအကောင်းဆုံးမုန်တိုင်းဖြစ်သည့် တိုင်ဖွန်းဘီဘင်ကာ ဝင်ရောက်တိုက်ခတ်မှုကြောင့် အပျက်အစီးများ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တိုင်ဖွန်းပူလာ ဆန်ဝင်ရောက်တိုက်ခတ်ခြင်းဖြစ်သည်။

ပူလာဆန်သည် စက်တင်ဘာ ၁၉ ရက်ညအချိန်တွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းသည် တစ်နာရီလျှင် ၈၃ ကီလိုမီတာ(၅၂ မိုင်)အထိရှိကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ရှန်ဟိုင်းမြို့တွင် လူ ၁၁၂၀၀၀ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြောင်းနှင့် ကူးတို့သင်္ဘောပြေးဆွဲမှုအချို့နှင့် မီးရထားဝန်ဆောင်မှုအချို့ကို ဆိုင်းငံ့ထားခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

လူမှုမီဒီယာတွင် ထွက်ပေါ်လာသော ဗီဒီယိုများ၌ ရှန်ဟိုင်းဒေသခံများသည် ရပ်ကွက်အချို့တွင် ရေများအကြား ခက်ခက်ခဲခဲ သွားလာနေကြရသည်ကို မြင်တွေ့ရသော်လည်း အပျက်အစီးဆိုးဆိုးရွားရွား သို့မဟုတ် လူသေဆုံးမှုများမရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

မိုးလေဝသဌာနနှစ်ခုရှိ မှတ်တမ်းများအရ ခြောက်နာရီအတွင်း မိုးရေချိန် ၃၀၀ မီလီမီတာကျော်ရှိကြောင်း တွေ့ရှိခဲ့ပြီးယင်းသည် မှတ်တမ်းစတင်ကောက်ယူပြီးနောက် ယင်းဒေသများတွင် မိုးရေချိန်အမြင့်ဆုံးဖြစ်သည်ဟု ဆင်ဟွာသတင်းတွင်ဆိုသည်။

နိုင်ငံပိုင်ရှန်ဟိုင်းမီဒီယာတွင် ဖော်ပြထားသောဗီဒီယိုတစ်ခု၌ ရပ်ကွက်တစ်ခုတွင် ရဲအရာရှိများသည် ရေကြီးရေလျှံမှုများကြားမှ ကားတစ်စီးကို ၀ိုင်းဝန်းတွန်းပေးနေသည်ကို မြင်တွေ့ရပြီး စကူတာမောင်းသူတစ်ဦးကလည်း ရေကြီးနေသည့် လမ်းဆုံတစ်နေရာတွင် ခက်ခက်ခဲခဲ ဖြတ်သန်းရန် ကြိုးပမ်းနေသည်ကို မြင်တွေ့ရသည်။

ရေကြီးရေလျှံမှုကြောင့် ဒါဇင်နှင့်ချီသည့်ကားများ စက်ပျက်နေသည်ကိုလည်း ဗီဒီယိုထဲတွင် မြင်တွေ့ရသည်။

မုန်တိုင်းသည် စက်တင်ဘာ ၁၉ ရက်တွင် ရှန်ဟိုင်းကို ချဉ်းကပ်လာချိန်၌မြို့၏ နေရာအများစုတွင် ၎င်း၏ တိုင်ဖွန်းသတိပေးချက်များကို အဆင့်တိုးမြှင့်ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းသည် ကုန်းတွင်းသို့ရွှေ့လျားလာချိန်တွင် တဖြည်းဖြည်းအားပျော့လာသည်ဟု ခန့်မှန်းထားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ သို့သော် စက်တင်ဘာ ၂၀ ရက်နံနက်ခင်းအထိ မြို့ထဲတွင် ရေကြီးရေလျှံမှုများ ဆက်လက်ကြုံတွေ့နေသည်။

စက်တင်ဘာ ၁၆ ရက်က တိုင်ဖွန်းဘီဘင်ကာကြောင့် သစ်ပင် ၁၈၀၀ ကျော်လဲကျ ခဲ့ပြီး အိမ်ထောင်စု ၃၀၀၀၀ ခန့်လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကာ အာဏာပိုင်များက မုန်တိုင်းမတိုက်ခတ်မီ ရှန်ဟိုင်းမြို့တစ်ဝန်းရှိ လူပေါင်း ၄၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့သည်။

တိုင်ဖွန်းဘီဘင်ကာသည် တိုင်ဖွန်းဂလော်ရီယာပြီးနောက် ၇၅ နှစ်အတွင်း ရှန်ဟိုင်းကို ဝင်ရောက်တိုက်ခတ်သည့် အင်အားအပြင်းဆုံးမုန်တိုင်းဖြစ်ကာ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၅၀ ကီလိုမီတာဝန်းကျင် (၉၅ မိုင်နှုန်း)ရှိကြောင်း နိုင်ငံပိုင်မီဒီယာတွင် ထုတ်ပြန်ထားသည်။                      


READ NEXT
Cancel OK