Top News

မြန်မာ့ရိုးရာ လက်ဝှေ့သမားများနှင့် MMA ကစားသမား ဖိုးသော်တို့က COVID-19၏လက်ရှိအခြေအနေကြောင့် ပရိသတ်များနေအိမ်၌သာနေကြရန် တိုက်တွန်းသည့်အစီအစဉ်ပြုလုပ်
24htopnews | September 15, 2024 5:12 PM CST

မြန်မာ့ရိုးရာ လက်ဝှေ့ကျော်များဖြစ်သည့် စိုးလင်းဦး၊ ဖျံသွေး၊ မိုက်ရိုင်း၊ သွေးသစ် ဝင်းလှိုင်၊ ကျော်စွာဝင်းတို့အပါအဝင် MMA ကစားသမားတစ်ဦးဖြစ်သူ ဖိုးသော်တို့က COVID-19 ရောဂါ၏ လက်ရှိအခြေအနေများအရ ပရိသတ်များအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ရန်အတွက် နေအိမ်၌သာနေကြရန် တိုက်တွန်းသည့် #StayAtHome အစီအစဉ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရိုးရာလက်ဝှေ့သမားများနှင့် MMA ကစားသမား ဖိုးသော်တို့ပါဝင်သည့် #StayAtHome လှုပ်ရှားမှုအတွက် ဗီဒီယိုဖိုင်ကို WLC ၏ အစီအစဉ်ဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါဗီဒီယိုဖိုင်မှာ လက်ရှိအချိန်အထိ ပွဲလမ်းသဘင်များ ကျင်းပလျက်ရှိနေသေးသည့် ဒေသအချို့မှပရိသတ်များကို ရည်ရွယ်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ သထုံမြို့ခံလက်ဝှေ့သမားတစ်ဦးဖြစ်သူ ဒို့ရိုးရာလက်ဝှေ့ကလပ်မှ စိုးလင်းဦးက ''လက်ရှိမှာကြုံတွေ့နေရတဲ့ ရောဂါဆိုးကြောင့် အကုန်လုံးက အပြင်ကိုမထွက်တာ အကောင်းဆုံးပါပဲ။ အိမ်မှာပဲ အနားယူနေသင့်တယ်။ ကျွန်တော်လည်း အပြင်မထွက်ဘူး။ အိမ်မှာနေတယ်။ လေ့ကျင့်တယ်။ ပရိသတ်တွေအားလုံးလည်း အပြင်မထွက်ကြပါနဲ့။ ဒီရောဂါဆိုးက တစ်ကမ္ဘာလုံး ကြုံတွေ့နေရတာပါ။ ကိုယ်တစ်ယောက်တည်း မဖြစ်ဘူးလို့ မတွေးကြပါနဲ့''ဟု တိုက်တွန်းပြောကြားသည်။

''ဒီအခြေအနေမှာ ကျွန်တော်တို့အားလုံးပါဝင်ပြီး ဒါကိုထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ထိန်းချုပ်နိုင်ဖို့အတွက် အားလုံးရဲ့ပါဝင်ပူးပေါင်းမှုကို လိုအပ်တယ်''ဟု သွေးသစ်ဝင်းလှိုင်က ပြောကြားပြီး ဖျံသွေး၊ မိုက်ရိုင်းစသည့် လက်ဝှေ့သမားများလည်း မိမိတို့ အိမ်တွင်နေ၍ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများလုပ်ကြရန်နှင့် အပြင်မထွက်ရန်အတွက် မှာကြားမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် MMA ကစားသမား ဖိုးသော်ကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကိုလိုက်နာ၍ လူ ထူထပ်သောနေရာများသို့ သွားရောက်ခြင်းအား ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လက်ရှိအချိန်တွင် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများတွင် ရောဂါပိုးရှိသူများ ပါဝင်လာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း နေရပ်သို့ ပြန်လည်ရောက်ရှိလာသူအချို့မှာ ပွဲလမ်းသဘင်များသို့ အသွားအလာမပြတ်ရှိနေသေးကြောင်း သိရသည်။


READ NEXT
Cancel OK