Top News

နိုင်ပွဲပြန်ရသော်လည်း ပွဲစဉ်ရေးဆွဲမှုကို ဆိုးလ်ရှားဝေဖန်ခဲ့ပြီး ကစားသမားများမှာ စက်ရုပ်မဟုတ်ဟု ဆို
24htopnews | September 14, 2024 10:13 PM CST

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် အဲဗာတန်အသင်းအား ဂိုးပြတ်အနိုင်ရပြီး ဖိအားများလျော့သွားသော်လည်း စနေနေ့ အစောဆုံးပွဲကစားရသဖြင့် ပွဲစဉ်ရေးဆွဲမှုကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် ပွဲစဉ် ၈ အဖြစ် စနေနေ့ မြန်မာစံတော်ချိန် ည ၇ နာရီ (ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ) တွင် အဲဗာတန်အသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ (၁-၃) ဂိုးဖြင့် အနိုင်ရပြီး ယခုရာသီအပါအဝင် ပရီးမီးယားလိဂ် အဝေးကွင်းခုနစ်ပွဲ ဆက်တိုက်နိုင်ပွဲရရှိခဲ့သည်။ 

သို့ဖြစ်ရာ ဆိုးလ်ရှားအနေဖြင့် ဖိအားများလျော့ကျသွားပြီဖြစ်သော်လည်း ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ်ကစားပြီးနောက် စနေနေ့ အစောဆုံးပွဲအဖြစ် ပြန်လည်ကစားရသဖြင့် ပွဲစဉ်ရေးဆွဲမှုကို ဝေဖန် ပြစ်တင်ခဲ့ခြင်းဖြစ်သည်။ " ပွဲကစားတဲ့အချိန်က ကျွန်တော်တို့ကို ရှုံးနိမ့်အောင်လုပ်နေသလိုပဲ။ ကျွန်တော်တို့က တူရကီကိုသွားထားရသလို ဒီရာသီမှာ ပွဲတွေအများကြီးကစားပြီးပါပြီ။ ကြာသပတေးနေ့ နံနက်မှ ပြန်ရောက်ပေမဲ့ စနေနေ့ နေ့လယ်စာစားချိန်မှာ ထပ် ကစားရတာပါ။ ဒါက တကယ်ကို ကမောက်ကမပါပဲ။ ပွဲကစားချိန်အတွက် အရေးဆိုဖို့ အသင်းကို ကျွန်တော်တွန်းအားပေးခဲ့ပါတယ်။ ကျွန်တော်တို့ကို အခွင့်အရေးတစ်ဝက်ပဲဖြစ်ဖြစ်ပေးဖို့ပါ။ ဒါပေမဲ့ ဒါတွေက သတ်မှတ်ပြီးသားဖြစ်နေပြီဆိုပြီး ပယ်ချခံခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒီကိစ္စကို ခပ်ပေါ့ပေါ့ သဘောမထားစေချင်ဘူး။ ဘရူနိုက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဒီကိစ္စက တကယ်အရေးကြီးပါတယ်။ သူတို့တွေက စက်ရုပ်တွေမဟုတ်ပါဘူး။ လူသားတွေပါ။ ကျွန်တော်တို့က ကြာသပတေးနေ့ နံနက် ၄ နာရီမှ ပြန်ရောက်တာမို့ တနင်္ဂနွေနေ့ကစားရင် ဘာပြဿနာရှိနိုင်မှာလဲ။ ပြီးသွားရင် ကစားသမားတွေကို ကြည့်လိုက်ပါ။ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ ဒဏ်ရာပြဿနာ တွေ အများကြီးရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ ကစားသမားတွေတင်မဟုတ်ဘဲ တခြားအသင်းတွေလည်း အတူတူပါပဲ။ ကျွန်တော်တို့က ဒီထုတ်ကုန်ကို အချိန်တိုင်း ကမ္ဘာ့အကောင်းဆုံးနဲ့ စိတ်အလှုပ်ရှားဆုံးဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ ဘယ်ကစားသမားကိုမှ မထိခိုက်စေပါဘူး" ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

ထို့ပြင် အဲဗာတန်အသင်းနှင့်ပွဲတွင် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၊ ဘယ်နောက်ခံလူ လုခ်ရှောနှင့် ခံစစ်အတွင်းလူ လင်ဒီလော့ဖ်တို့ ဒဏ်ရာရရှိခဲ့ကြောင်း ဆိုးလ်ရှားက အတည်ပြု ပြောကြားခဲ့သည်။ "ဟုတ်ပါတယ်။ ဗစ်တာ(လင်ဒီလော့ဖ်) က နောက်ကျော၊ မားကပ်စ် (ရပ်ရှ်ဖို့ဒ်) က ပခုံး၊ လုခ်ရှောက တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာပါ။ သူတို့အားလုံး အဆင်ပြေဖို့တော့ ကျွန်တော်မျှော်လင့်ပါတယ်" ဟု ၎င်းက ဆိုသည်။ ရပ်ရှ်ဖို့ဒ်နှင့် လင်ဒီလော့ဖ် မှာ ပွဲချိန်ပြည့်ပါဝင်ကစားနိုင် ခဲ့သော်လည်း လုခ်ရှောမှာမူ တံကောက်ကြော ဒဏ်ရာကြောင့် ၆၇ မိနစ်တွင် လူစားလဲခဲ့ရသည်။


READ NEXT
Cancel OK