Top News

လက်ရွေးစင်တောင်ပံကစားသမား မောင်မောင်လွင်နှင့် ဒဏ်ရာကြောင့် ကာလရှည်နားနေရသည့်ကျော်မင်းဦးတို့ COVID ကုသရေး ဧရာဝတီစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေ
24htopnews | September 14, 2024 10:13 PM CST

 

ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်တောင်ပံကစားသမား မောင်မောင်လွင်နှင့် ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသည့် ကွင်းလယ်ကစားသမား ကျော်မင်းဦးတို့သည် COVID ကုသရေး ဧရာဝတီစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ယင်းကစားသမားနှစ်ဦးသည် နိုဝင်ဘာ ၃ ရက်ကတည်းက ဧရာဝတီစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်လကြာမြင့်မည်ဖြစ်သည်။ " စေတနာ့ဝန်ထမ်းလုပ်ဖို့ ဘောလုံးရာသီမပြီးခင်ကတည်းက စိတ်ဝင်စားနေတာပါ။ သူများလုပ်တာကိုလည်း အားကျတာကြောင့် အခုလုပ်ဖြစ်သွားတာပါ။ အခုလောလောဆယ်တော့ ပစ္စည်းလက်ခံတဲ့ဌာနမှာ လုပ်နေရတာဖြစ်ပါ တယ်။ နောက်ပိုင်းကျရင်တော့ တခြားနေရာတွေလည်း ရောက်သွားနိုင်ပါတယ်။ လောလောဆယ်တော့ တစ်လလုပ်ဖို့ စီစဉ်ထားပါတယ်" ဟု မောင်မောင်လွင်က ပြောကြားခဲ့သည်။

MNL ဘောလုံးသမားများအနက် ရှမ်းယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း သီဟစည်သူက ပထမဆုံး အဖြစ် COVID ကုသရေး အင်းယားစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး မောင်မောင်လွင်နှင့် ကျော်မင်းဦး တို့ကလည်း ဧရာဝတီစင်တာတွင် ဆောင်ရွက်နေခြင်းဖြစ်သည်။ မောင်မောင်လွင်သည် မြန်မာ့လက်ရွေးစင်အသင်း၏ အဓိက ကစား သမားတစ်ဦးဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းတွင်လည်း ခြေစွမ်းပြကစားနေသူ ဖြစ်သည်။

မောင်မောင်လွင်သည် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၀ အသင်း၌ ပါဝင်ခဲ့သူဖြစ်ပြီး ယင်းနောက်ပိုင်းတွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် တောက်လျှောက်ရွေးချယ်ခံနေရသည်။ မြန်မာဘောလုံးအကယ်ဒမီမှ ထွက်ပေါ်လာသည့် ကွင်းလယ်ကစားသမား ကျော်မင်းဦးမှာမူ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရ မြန်မာ ယူ-၂၀ အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်သော်လည်း ၂၀၁၆ ရာသီအစတွင်ရရှိခဲ့သည့် ဒူးဒဏ်ရာ ကြောင့် ကာလရှည်အနားယူနေရပြီး လက်ရှိ အချိန်အထိ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည်။ ၎င်းသည် ပြီးခဲ့သည့်နှစ်က အနားယူရန် ဆုံးဖြတ်ခဲ့သော်လည်း MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဖျောင်းဖျမှုကြောင့် ဒဏ်ရာအား ခွဲစိတ်ကုသမှုခံယူ၍ ဘောလုံးပြန်ကစားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဖူဆယ်ကလပ်အသင်းများမှ ကစားသမား ၂၂ ဦးမှာ ဧရာဝတီစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ဧရာဝတီစင်တာမှာ COVID-19 လူနာများကုသရန် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က တည်ဆောက်ပေးထားခြင်းဖြစ်သည်။


READ NEXT
Cancel OK