Top News

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ကူးစက်ခံရသူ သန်း ၁၇၀ ကျော်လာပြီး သေဆုံးသူ ၃၅ သိန်းကျော်ရှိလာရာ တစ်ရက်အတွင်း ထပ်တိုးလူနာ ၅၀၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၁၀၀၀ ကျော်ရှိ
24htopnews | September 13, 2024 9:12 PM CST

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ကူးစက်ခံရသူ သန်း ၁၇၀ ကျော်လာပြီး သေဆုံးသူ ၃၅ သိန်းကျော်ရှိလာရာ တစ်ရက်အတွင်း ထပ်တိုးလူနာ ၅၀၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၁၀၀၀ ကျော်ရှိကြောင်း Worldometer က ထုတ်ပြန်ထားသောစာရင်းအရ သိရသည်။

မေ ၂၉ ရက် နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၁၇၀၁၄၀၀၉၀ ရှိပြီး သေဆုံးသူ ၃၅၃၇၇၀၅ ဦးရှိကာ ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း ၁၅၁၉၆၅၂၆၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေ ၂၈ ရက်က COVID-19 ထပ်မံကူးစက် ဖြစ်ပွားသူ ၁၃၅၈ ဦးရှိလာပြီး နိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ ၇၉၆၃၄၃ ဦးရှိပြီဖြစ်သည်။ မေ ၂၈ ရက်က ၃၁ ဦး ထပ်မံသေဆုံးခဲ့ပြီး COVID-19 ရောဂါဖြင့် သေဆုံးသူပေါင်း ၁၂၅၁၁ ဦးရှိလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ကြေညာထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် တရုတ်နိုင်ငံတွင်နမူနာများ၊ မူလအချက်အလက်များကို အပြည့်အဝအသုံးပြုပြီး လွတ်လပ်သော ကျွမ်းကျင်သူများနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်လေ့လာ စုံစမ်းမှုဒုတိယအဆင့်ကို ဆက်လက်လုပ်ဆောင်ရန် အမေရိကန်က မေ ၂၇ ရက်တွင် တိုက်တွန်းခဲ့သည်။

ဇန်နဝါရီနှင့် ဖေဖော်ဝါရီလက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် တရုတ်သုတေသီများနှင့် အတူ သီတင်းလေးပတ်ကြာ သုတေသနပြု လုပ်ခဲ့သော WHO ဦးဆောင်သည့်အဖွဲ့က ကိုရိုနာဗိုင်းရပ်စ်သည် လင်းနို့များမှတစ်ဆင့်  အခြားတိရစ္ဆာန်များကိုဖြတ်၍ လူများဆီသို့ ကူးစက်ရောက်ရှိလာနိုင်ပုံရကြောင်းနှင့် ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာသည်ဆိုသည့် အယူအဆမှာ လုံးလုံးလျားလျားဖြစ်နိုင်ခြေမရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က COVID-19 ရောဂါကို ဖြစ်ပေါ်စေသောဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို အဖြေရှာရန် လက်ထောက်များကို အမိန့်ထုတ်ပြန်ခဲ့ပြီး အမေရိကန် စုံစမ်းထောက်လှမ်းရေးအေဂျင်စီများ အနေဖြင့် ဝူဟန်မြို့ဓာတ်ခွဲခန်းမှ မတော်တဆ ထွက်ပေါ်လာနိုင်ခြေရှိသည့်ဖြစ်စဉ်အပါအဝင် အလားအလာရှိသည့် အပြိုင်ယူဆချက်များကို လေ့လာနေသည်ဟု မေ ၂၆ ရက်က ပြောကြားခဲ့သည်။

WHO ၏ ကနဦးလေ့လာမှုသည် လုံလောက်ခြင်းမရှိသည့်အပြင် အဖြေထွက်ရှိလာခြင်းမရှိကြောင်း၊ ဒုတိယအဆင့် စုံစမ်းစစ်ဆေးမှုတွင် တရုတ်အပါအဝင် ပွင့်လင်းမြင်သာမှုရှိပြီး သက်သေအထောက်အထားပေါ် အခြေခံ၍ ပြုလုပ်ရန် ဂျနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်တာဝန်ရှိသူများအဖွဲ့က ထုတ်ပြန်ခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ ကပ်ရောဂါရဲ့ မူလအဆင့်နဲ့ ဗိုင်းရပ်စ်ရဲ့ အရင်းအမြစ်ကိုနားလည်သိရှိစေနိုင်ဖို့အတွက် သင့်လျော်တဲ့နမူနာတွေ၊ မူလအချက်အလက်တွေကို လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေထံ အပြည့်အဝ အသုံးပြုခွင့်ပေးဖို့ အရေးကြီးပါတယ်” ဟု အမေရိကန်က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် အစောပိုင်းတွေ့ရှိခဲ့သော COVID-19 ကူးစက်မှုအားလုံး၏ ပြီးပြည့်စုံသော လေ့လာမှုတစ်ရပ်နှင့် ကမ္ဘာတစ်ဝန်းရှိ ဇီဝဗေဒဆိုင်ရာ ဓာတ်ခွဲခန်းများနှင့် အချို့သိုဝှက်သော အခြေခံအကြောင်းရင်းများကို မခြွင်းမချန်လေ့လာမှုတို့အား ထောက်ပံ့နေကြောင်း အမေရိကန်ရှိ တရုတ်သံရုံးက မှတ်ချက်ပြုပြောကြားခဲ့သည်။


READ NEXT
Cancel OK