Top News

ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း အာဆင်နယ်ကွင်းလယ်လူဟောင်း ဒီယာဘီ ကြေညာ
24htopnews | October 13, 2024 3:12 AM CST

အာဆင်နယ်ကွင်းလယ်လူဟောင်း ဒီယာဘီက မိမိအနေဖြင့် ဘောလုံးသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဒီယာဘီသည် ပရောက်ဖက်ရှင်နယ်ကစားသမားဘဝ (၁၄)နှစ်ခွဲကြာ ကာလအတွင်း ဒဏ်ရာပေါင်း (၄၂)ခုအထိ ရရှိခဲ့ပြီး ပရောက်ဖက်ရှင်နယ်ကစားသမားဘဝ ပွဲပေါင်း (၂၁၄) ပွဲကစားခဲ့ကြောင်းသိရသည်။

ပြင်သစ်လက်ရွေးစင်ဟောင်း ဒီယာဘီသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ပြင်သစ်ကလပ် အော်ဇေးအသင်းတွင် စတင်ခဲ့သူဖြစ်ပြီး၊ အာဆင်နယ်အသင်းတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိကစားခဲ့သူဖြစ်သည်။

ယင်းနောက် ၄င်းသည် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မာဆေးလ်အသင်းက ၄င်းနှင့်စာချုပ်ဖျက်သိမ်းခဲ့သည်။

ဒီယာဘီသည် မာဆေးလ်အသင်းနှင့် စာချုပ်ဖျက်သိမ်းပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပြီး ကစားသမားဘဝမှအနားယူကြောင်း ကြေညာချိန်တွင် ၄င်း၏အသက်မှာ (၃၂)နှစ်သာရှိသေးသည်။

ကစားသမားဘဝတွင် ဒဏ်ရာများစွာရရှိခဲ့သူ ဒီယာဘီက '' ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အခုအချိန်ကစပြီး ပြည့်ဖုံးကားချလိုက်ပါပြီ။ ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝမှာ ကျွန်တော်ဟာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ ချစ်မြတ်နိုးလှတဲ့ ဘောလုံးသမားဘဝက အနားယူဖို့ ဆုံးဖြတ်ရတာဟာ တကယ်တော့ခက်ခဲပါတယ်။ ဒါပေမဲ့ မာဆေးလ်အသင်းကနေ ထွက်ခွာပြီးနောက်မှာ ကျွန်တော်ဟာ ဘောလုံးလောကကို ပြန်လာဖို့အရမ်းခက်ခဲသွားပြီဆိုတာ နားလည်ခဲ့ပါတယ်။ ဒါကြောင့် ကစားသမားဘဝကို အဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့တာပါ'' ဟုပြောကြားခဲ့သည်။

ဒီယာဘီသည် အာဆင်နယ်အသင်းအတွက် (၁၀) ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ (၁၈၀)တွင် (၁၉)ဂိုး သွင်းယူခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း (၁၆)ပွဲကစားပေးခဲ့သူဖြစ်သည်။


READ NEXT
Cancel OK