Top News

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိတ်ဆန္ဒပြင်းပြစွာဖြင့် ကြိုးစားကြရန် အသင်းသားများကို ဂွါဒီယိုလာ တိုက်တွန်း
24htopnews | October 13, 2024 3:12 AM CST

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိတ်ဆန္ဒပြင်းပြစွာဖြင့် ကြိုးစားကြရန် ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ယခုရာသီတွင် ဆုဖလား (၄)လုံးအထိမျှော်မှန်းနိုင်သည့် အခြေအနေတွင်ရှိနေပြီး ပြီးခဲ့သည့်တနင်္ဂနွေနေ့က လိဂ်ဖလားကိုရယူနိုင်ခဲ့သည်။

ထို့ပြင် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၇)အပြီးတွင်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် တစ်မှတ်သာကွာဟပြီး ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည်။ 

ဂွါဒီယိုလာက ''လီဗာပူးလ်အသင်းနဲ့ ကျွန်တော်တို့ရဲ့ကြားမှာ အမှတ်ကွာဟမှုက တစ်မှတ်ပဲရှိပါတယ်။ လက်ကျန် (၁၁)ပွဲမှာ (၃၃)မှတ်အထိ ရယူနိုင်ခွင့်ရှိနေတယ်ဆိုပေမယ့် အခုပရီးမီးယားလိဂ်ဖလားက လီဗာပူးလ်အသင်းလက်ထဲမှာလို့ ဆိုနိုင်သလို ကျွန်တော်တို့အသင်းရဲ့လက်ထဲမှာလို့လည်း ပြောလို့ရပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်တာက လီဗာပူးလ်အသင်းကို ဖိအားပေးဖို့နဲ့ ကိုယ့်အသင်းနိုင်ပွဲတွေဆက်တိုက်ရနေဖို့ဖြစ်ပါတယ်။ ပွဲစဉ်အားလုံးက အတူတူပါပဲ။ အသင်းတစ်သင်းအနေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတယ်ဆိုရင် အမှတ်ဆုံးရှုံးခွင့်ရှိပေမယ့် နောက်ကလိုက်နေတဲ့ အသင်းတွေနဲ့ကတော့ အမှတ်ဆုံးရှုံးလို့မရပါဘူး။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ကြတဲ့ပွဲမှာ ပွဲစဉ်တွေကျပ်လို့ ပွဲဆက်တွေများလို့ အားကုန်သွားတယ်ဆိုုတဲ့ ဆင်ခြေတွေကို ကျွန်တော်လက်မခံပါဘူး။ ကျွန်တော်တို့အနေနဲ့ အဆုံးထိတိုက်ပွဲဝင်ရမှာပါ။ ပြီးခဲ့တဲ့ (၂)လက မန်စီးတီးအသင်းရဲ့စိတ်ဓာတ်နဲ့ လက်ရှိစိတ်ဓာတ်ပိုင်းက ကွာခြားမှုအများကြီးရှိပါတယ်။ ကျွန်တော်တို့မှာ လူအင်အားအပြည့်အစုံရှိသလို အရန်အင်အားလည်းတောင့်တင်းပါတယ်။ ဒါကြောင့် ဘယ်အသင်းပဲတွေ့တွေ့ ကျွန်တော်တို့မကြောက်ပါဘူး။ ကျွန်တော်လိုချင်တာက ကစားသမားတွေရဲ့နိုင်လိုစိတ်ပြင်းပြမှုပါပဲ။ ပြိုင်ပွဲတစ်ခုကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော်ဟာ မန်စီးတီးကစားသမားတွေရဲ့မျက်နှာပေါ်မှာ ဆုဖလားလိုချင်စိတ်ဘယ်လောက်ထိရှိလဲဆိုတာ မြင်ချင်ပါတယ်။ ကျွန်တော်မျှော်လင့်ထားသလိုဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK