Top News

၂၀၂၁ ခုနှစ်တွင် ကပ်ရောဂါကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းသည် ဒေါ်လာနှစ်ထရီလျံ ဆုံးရှုံးဖွယ်ရှိဟု ကုလသမဂ္ဂ ခန့်မှန်း
24htopnews | September 13, 2024 6:12 PM CST

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍသည် ဒေါ်လာနှစ်ထရီလျံ ဆုံးရှုံးနစ်နာခဲ့သည်ဟု ကုလသမဂ္ဂ၏ ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့ပြီး ခရီးသွားကဏ္ဍ ပြန်နာလန်ထူလာမှုသည် အရှိန်နှေးကွေးနေပြီး အထိမခံသော အခြေအနေ ဖြစ်သည်ဟုလည်း ၎င်းအဖွဲ့က ဆိုသည်။

ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရသကဲ့သို့ Omicron ဟု အမည်ပေးထားသည့် သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေချိန်တွင် မက်ဒရစ်မြို့အခြေစိုက် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့အစည်း UNWTO ၏ ခန့်မှန်းချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် နိုင်ငံတကာမှ ခရီးသွားများ ဝင်ရောက်မှုသည် ကပ်ရောဂါကာလ မတိုင်မီ ၂၀၁၉ ခုနှစ်တွင် မှတ်တမ်းဝင်ခဲ့သည့် ၁.၅ ဘီလျံအောက် ၇၀ မှ ၇၅ ရာခိုင်နှုန်း ဝန်းကျင်တွင်ပင် ဆက်ရှိနေလိမ့်မည် ဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ်ကလည်း အလားတူကျဆင်းမှုမျိုး ဖြစ်ပေါ်ခဲ့သည်ဟု ၎င်းအဖွဲ့ကဆိုသည်။

ယမန်နှစ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍသည် ဝင်ငွေဒေါ်လာနှစ်ထရီလျံ (ယူရို ၁.၇၈ ထရီလျံ) ဆုံးရှုံးခဲ့ပြီးယင်းသည် ကျန်းမာရေး အကျပ်အတည်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံး လုပ်ငန်းများထဲတွင် ပါဝင်ခဲ့သည်ဟု UNWTO က ဆိုသည်။

ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် တာဝန်ယူထားသော UNWTO အဖွဲ့ကြီးက လာမည့်နှစ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍကို မည်သို့မည်ပုံ လည်ပတ်သွားမည်ဆိုသည်ကို ခန့်မှန်းခဲ့ခြင်း မရှိသော်လည်း ၎င်း၏ကာလလတ် အလားအလာ ခန့်မှန်းချက်မှာမူအား ရစရာမရှိပေ။

မကြာသေးမီက အခြေအနေ တိုးတက်မှုများ ရရှိခဲ့သော်လည်း ကမ္ဘာတစ်ဝန်းတွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း မညီမမျှဖြစ်နေမှုနှင့် ဒယ်တာနှင့် Omicron ကဲ့သို့ ဗိုင်းရပ်စ်မျိုးကွဲသစ်များ ထွက်ပေါ်လာမှုကြောင့် မူလကတည်းက အရှိန်နှေးကွေးနေပြီး အထိမခံသော စီးပွားရေး နာလန်ပြန်ထူမှုအပေါ် သက်ရောက်မှုများ ဖြစ်စေသည်ဟုလည်း ၎င်းအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ကန့်သတ်ပိတ်ပင်မှု အသစ်များနှင့် လော့ဒေါင်း အစီအမံများ ချမှတ်ခဲ့ရခြင်းသည် အလွန်မှန်းဆရန် ခက်ခဲသော အခြေအနေတစ်ရပ် ဖြစ်ကြောင်းကို ပြသနေသည်ဟု UNWTO အကြီးအကဲဖြစ်သူ ဇူရက်ဘ်ပိုလိုလီကက်ရှ်ဗီလီက AFP သတင်းဌာနသို့ ပြောကြားသည်။

“ဒါဟာ ခရီးသွားလုပ်ငနး်အတွက် သမိုင်းတွင်မယ့် အကျပ်အတည်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ခရီးသွားလုပ်ငန်းဟာ လျင်လျင်မြန်မြန်နဲ့ နာလန်ပြန်ထူလာနိုင်စွမ်း ရှိနေပါတယ်” ဟုလည်း နိုဝင်ဘာ ၃၀ ရက်၌ မက်ဒရစ်မြို့တွင် ကျင်းပမည့် WTO နှစ်ပတ်လည် အထွေထွေ ညီလာခံမတိုင်မီတွင် ၎င်းကပြောဆိုခဲ့သည်။ ၂၀၂၂ တွင် ယခုနှစ်ထက်များစွာ ပိုကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်းလည်း သူကဆက်လက်ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ချမှတ်ထားသည့် ကန့်သတ်ပိတ်ပင်မှုများအပြင် ကပ်ရောဂါကြောင့် နောက်ဆက်တွဲ စီးပွားရေး သက်ရောက်မှုများဖြစ်သည့် ရေနံစျေးနှုန်းများ ထိုးတက်မှုနှင့် ကုန်ထုတ်လုပ်ဖြန့်ဖြူးမှု ကွင်းဆက်အပေါ် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟုလည်း UNWTO က ဆိုသည်။ မြောက်ကမ္ဘာခြမ်းတွင် ခရီးသွားလာရန် ယုံကြည်မှု ပိုမိုမြင့်မားလာမှု၊ ကာကွယ်ဆေးများကို အလျင်အမြန် ထိုးနှံပေးနိုင်မှုနှင့် ပြည်ဝင်ခွင့် ကန့်သတ်ချက်များ ဖြေလျှော့ပေးမှုကြောင့် နွေရာသီအတွင်း နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု ပြန်လည်မြင့်တက်လာနိုင်သည်ဟု ၎င်းအဖွဲ့ကဆိုသည်။                  


READ NEXT
Cancel OK