Top News

အာဖဂန်နစ္စတန်လေဆိပ်များ လည်ပတ်နိုင်ရေးအတွက် တာလီဘန်က အီးယူကို အကူအညီတောင်းခံ
24htopnews | September 13, 2024 6:12 PM CST

အာဖဂန်နစ္စတန်နိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေနှင့် ပတ်သက်၍ အလွန်စိုးရိမ်နေသော ဥရောပသမဂ္ဂ (အီးယူ) တာဝန်ရှိသူများနှင့် သီတင်းပတ်ကုန်ဆွေးနွေးပွဲများတွင် အာဖဂန်နစ္စတန်၏ လေဆိပ်များ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အကူအညီပေးရန် တာလီဘန်က မေတ္တာရပ်ခံခဲ့သည်ဟု နိုဝင်ဘာ ၂၈ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော ဥရောပသမဂ္ဂထုတ်ပြန်ချက်အရ သိရသည်။

နှစ်ဘက်စလုံးက ယင်းဆွေးနွေးပွဲအတွက် ကာတာမြို့တော်ဒိုဟာသို့ အကြီးတန်း တာဝန်ရှိသူများကို စေလွှတ်ခဲ့သည်။ ဒိုဟာမြို့တွင် စတင်ရန်စီစဉ်ထားသော အမေရိကန်၊ တာလီဘန်ဆွေးနွေးပွဲမတိုင်မီ သီတင်းနှစ်ပတ်အလိုတွင် ဥရောပသမဂ္ဂတာဝန်ရှိသူများနှင့် တာလီဘန်တို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးမှုသည် ယာယီ (တာလီဘန်) အစိုးရကို အီးယူက အသိအမှတ်ပြုသည့် သဘောသက်ရောက်ခြင်း မရှိသော်လည်း အီးယူနှင့် အာဖဂန်ပြည်သူတို့၏ အကျိုးစီးပွားကိုရှေးရှု၍ အီးယူ၏လုပ်ငန်းဆိုင်ရာစေ့စပ် ဆွေးနွေးမှု အစိတ်အပိုင်းဖြစ်သည်ဟု အီးယူ၏ European External Actional (EEAS) က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တာလီဘန်ကိုယ်စားလှယ်အဖွဲ့ကို ယာယီနိုင်ငံခြားရေးဝန်ကြီး အာမီယာခန်းမတ်တက်ကီက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ယာယီပညာရေးဝန်ကြီး၊ ယာယီကျန်းမာရေးဝန်ကြီး၊ ယာယီဗဟိုဘဏ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများလည်း လိုက်ပါလာခဲ့ကြသည်။

အီးယူကိုယ်ယ်စားလှယ်အဖွဲ့ကို အာဖဂန်နိုင်ငံဆိုင်ရာ အီးယူအထူးသံတမန် တိုမက်စ်နစ်ကလာဆင်က ဦးဆောင်ခဲ့ပြီး EEAS မှ တာဝန်ရှိသူများ၊ ဥရောပကော်မရှင်၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ကိုင်တွယ်ဆောင်ရွက်ရေးဌာန၊ နိုင်ငံတကာမိတ်ဖက်များနှင့် ရွှေ့ပြောင်းရေးရာဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့သည်။

သြဂုတ်လတွင် အမေရိကန်နှင့် မဟာမိတ်များ ကတိုက်ကရိုက်ဆုတ်ခွာသွားချိန်အထိ အနောက်နိုင်ငံများက လိုလားသော အာဖဂန်နစ္စတန်အစိုးရ ဆယ်စုနှစ်နှစ်ခုကြာ အုပ်ချုပ်ခဲ့ချိန်အတွင်း တာလီဘန်ကိုဆန့်ကျင်ကာ အလုပ်လုပ်ခဲ့ကြသော အာဖဂန်နိုင်ငံသားများကို ၎င်းတို့က လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုသော ကတိအတိုင်း ဆောင်ရွက်မည်ဟု တာလီဘန်က အဓိဋ္ဌာန်ပြုခဲ့ကြောင်း အီးယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အာဖဂန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများ နိုင်ငံက ထွက်ခွာလိုပါက ထွက်ခွာခွင့်ပေးမည်ဟု တာလီဘန်က ထပ်လောင်း ကတိပြုခဲ့သော်လည်း ယင်းသို့ ထွက်ခွာနိုင်ရေးအတွက် လေဆိပ်များ လည်ပတ်နိုင်ရန် အကူအညီများ တောင်းခံခဲ့သည်။

အီးယူဘက်ကလည်း အားလုံးပါဝင်သော အစိုးရတစ်ရပ်ဖန်တီးရေး၊ ဒီမိုကရေစီစနစ်ကို အားပေးမြှင့်တင်ရေး၊ မိန်းကလေးများ ကျောင်းတက်နိုင်စေရေး၊ အခြားသူများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသာ အုပ်စုမှန်သမျှ၏ အခြေစိုက်ရာနေရာအဖြစ်မှ အာဖဂန်နစ္စတန်ကို တားဆီးရေးတို့နှင့် ပတ်သက်၍ တာလီဘန်ကို ဖိအားပေးခဲ့သည်။

တာလီဘန်က အီးယူ၏တောင်းဆိုချက်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက အာဖဂန်ပြည်သူများကို ထောက်ပံ့မှုများ ထပ်မံပေးမည်ဟု ဆိုသည်။


READ NEXT
Cancel OK