Top News

၂၀၂၀ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် NLD ပါတီမှ ဝန်ကြီးတစ်ဦးအား ပါတီဗဟိုက ချန်လှပ်ခဲ့ခြင်းကို ဒေသခံများ ကန့်ကွက်
24htopnews | September 6, 2024 6:12 AM CST

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော NLD ပါတီမှ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းအား ဗဟိုအဆင့်ရွေးချယ်မှုတွင် ချန်လှပ်ထားခဲ့၍ ဒေသခံသနပ်ပင်မြို့နယ်အတွင်းရှိ ပြည်သူအများစုမှ ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။

သနပ်ပင်မြို့နယ် NLD ပါတီ အလုပ်မှုဆောင်အဖွဲ့နှင့် မြို့မိမြို့ဖငါးဦးပူးပေါင်းအဖွဲ့က ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်အတွက် ရွေးချယ်ရာတွင် အမျိုးသားလွှတ်တော်နေရာကို ဦးစားပေး (၁) ဦးမိုးမြင့်အောင်နှင့် ဦးစားပေး (၂) ဦးဇော်လင်းအောင်ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်အတွက် ဦးစားပေး (၁) ဦးမြင့်ဦးနှင့် ဦးစားပေး (၂) ဒေါ်လက်လက်အေးတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး (၁) အတွက် ဦးစားပေး (၁) ဒေါက်တာ စောညိုဝင်းနှင့် ဦးစားပေး (၂) ဦးခင်မောင်မြင့်တို့အား လည်းကောင်း၊ တိုင်းဒေသကြီး (၂) အတွက် ဦးစားပေး (၁) ဦးမျိုးမြင့်အောင်နှင့် ဦးစားပေး (၂) ဦးမင်းထက်သာတို့အား လည်းကောင်း ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့မြို့နယ်အဆင့်မှ ရွေးချယ်ပေးခဲ့သော်လည်း ဗဟိုအဆင့်ရွေးချယ်မှုတွင်  တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နေရာအတွက် ဦးစားပေး (၁) နှင့် ( ၂) အဖြစ် ရွေးချယ်ထားသော လက်ရှိ တိုင်းဒေသကြီးအစိုးရဖွဲ့မှ ဝန်ကြီး ဒေါက်တာ စောညိုဝင်းနှင့် ဦးခင်မောင်မြင့်တို့ နှစ်ဦးစလုံး ပါမလာဘဲ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) အတွက် ဦးစားပေးရွေးချယ်ထားသော နှစ်ဦးကသာ မဲဆန္ဒနယ်အမှတ် (၁) နှင့် မဲဆန္ဒနယ်အမှတ် (၂) အတွက် ရွေးချယ်သတ်မှတ်ခြင်းခံရကြောင်း သိရသည်။

NLD ပါတီဗဟိုက ရွေးချယ်မှုများနှင့် ပတ်သက်၍ သနပ်ပင်မြို့နယ်အတွင်းရှိ ပါတီအား ထောက်ခံဝန်းရံသော ပြည်သူများက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂) နေရာအတွက်ရွေးချယ်မှုများကို လက်ခံခဲ့သော်လည်း တိုင်းဒေသကြီးအမှတ် (၁) နေရာအတွက် လက်ရှိဝန်ကြီး ဒေါက်တာ စောညိုဝင်းကို ချန်လှပ်ပြီး လွှတ်တော်ကိုယ်စားလှယ်အသစ် ဦးမင်းထက်သာဆိုသူအား ရွေးချယ်ခဲ့ခြင်းအတွက် ကျေနပ်မှုမရှိကြဘဲ ဒေသခံတစ်သောင်းကျော်က လက်မှတ်ထိုးကန့်ကွက်ထားသည်ဟု ဆိုသည်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြောင်းဆန်ပြီးတော့ လက်မှတ်တွေ ထိုးတဲ့သူကထိုး၊ ရွာတွေကလည်း ဖုန်းတွေနဲ့ ချိတ်ဆက်ပြော။ အချို့ကလည်း ဒေါက်တာစောညိုဝင်းမပါတဲ့အတွက် NLD ကို မဲမပေးတော့ဘူးပြောတဲ့ သူတွေရှိသလို၊ အချို့ကလည်း အခြားပါတီကိုဝင်မယ်ဆိုပြီး ပြောတဲ့သူလည်းရှိပါတယ်။ အဲအတွက်ကြောင့် ကျွန်မတို့လည်း စည်းရုံးရေးကို စိတ်ပူပါတယ်။ NLD က အခုလို ကွဲပြဲပြီးတော့ အစိုးရမဖွဲ့နိုင်မှာလည်း စိုးရိမ်ပါတယ်။ အခုအနေထားရဆိုရင်တော့ တော်တော်ကွဲပြဲနေပါတယ်။ အဲဒါကြောင့် ဗဟိုကလည်း ဒေါက်တာစောညိုဝင်းကို ဘာ့ကြောင့်ပယ်တယ်ဆိုတာကို ချပြစေချင်တယ်။ ဘာကြောင့်ဆိုတာသိရတော့ ပြည်သူကလည်း သြော်ဒါ့ကြောင့် မရွေးတာဆိုတဲ့အကြောင်းသိပြီး စည်းရုံးရလွယ်ပါမယ်။ ကျွန်မတို့ကတော့ NLD ကို နိုင်စေချင်ပါတယ်။ ဒေါက်တာ စောညိုဝင်းမှာ ပါတီစည်းကမ်းနဲ့ မညီတဲ့အချက်တွေရှိလို့ မရွေးတာဆိုလည်း အားလုံးကကျေနပ်ပြီး NLD ကို ဆက်လက်ဝန်းရံကြမှာပါ” ဟု သနပ်ပင်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင် ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

“ ကျွန်တော်တို့ကတော့ NLD ကို ကြိုက်ပါတယ်။ အမြဲတမ်းလည်း လက်ခံမှာပေါ့နော်။ ဒါပေမဲ့ အခုဖြစ်သွားတဲ့ကိစ္စမှာ အများက လက်ခံထားတဲ့ ဒေါက်တာစောညိုဝင်း ပြန်မပါလာတဲ့ကိစ္စပေါ့။ သူ့မှာ ပြိုင်ဘက်လည်း မရှိဘူး။ မပါလာဘူး။ မပါလာဘဲနဲ့ (၂) နေရာက ကိုမင်းထက်သာ တက်သွားတယ်။ တိုင်းဒေသကြီးအမှတ် (၁) နေရာမှာ ရွေးထားတဲ့ နှစ်ယောက်လုံးပြုတ်ပြီး တိုင်းဒေသကြီး အမှတ် (၂) နေရာ ရွေးထားတဲ့နှစ်ယောက်လုံး ပါလာတယ်။ ဒီကိစ္စမှာ ပြည်သူတွေက သိပ်နားမလည်ကြဘူး။ အများလက်ခံတာက ဒေါက်တာစောညိုဝင်းပေါ့။ လုပ်ရပ်တွေ အားလုံးကောင်းတယ်။ လက်ခံကြတယ်။ ဒါပေမဲ့ ပြန်ပါမလာဘူး။ အဲဒီအချက်ကိုတော့ နားမလည်ဘူး။ အပြစ်ရှိသွားတယ်ဆိုရင်လည်း ပုပ်ရင်ကျော်မှာပဲ ဖုံးကွယ်ထားလို့မရဘူး။ အခုက ဘာအပြစ်မှန်းသိဘူး။ အဲလိုဆိုရင်တော့ ကျွန်တော်တို့ မကြိုက်ဘူး။ လက်မခံဘူး” ဟု သနပ်ပင်မြို့ခံ ပြည်သူတစ်ဦးက ပြောကြားသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဒေါက်တာစောညိုဝင်းသည် လူတော်တစ်ယောက်ဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ကျန်ရစ်ခဲ့သည်ကို မသိရှိကြောင်း၊ သို့သော် ၎င်းနှင့်ပတ်သက်၍ တိုင်တန်းထားမှုများလည်း ရှိသည်ဟု ကြားရကြောင်း၊ အဆိုပါ တိုင်တန်းမှုအပေါ် ၎င်းက ဖြေရှင်းလိုပြီး အပြစ်ရှိပါက ခံယူမည်ဟုလည်း ကြားရကြောင်း၊ သို့ရာတွင် စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် နစ်နာသည်ဟု ၎င်းကိုထောက်ခံသူများ၏ ပြောကြားမှုအရ ကြားရကြောင်း၊ ရွေးချယ်ရေးနှင့် ပယ်သည့်ကိစ္စများကို မိမိအနေဖြင့် မသိကြောင်း NLD ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားသည်။


READ NEXT
Cancel OK