Top News

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၁၀၀ စတင်လျာထားမည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ တင်သွင်း
24htopnews | September 6, 2024 6:12 AM CST

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလျံ ၁၀၀ စတင်လျာထားမည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အဆိုပါဥပဒေကြမ်းအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

“ ပင်စင်လစာ ဆုကြေးအတွက် ရန်ပုံငွေသီးသန့် လျာထားဆောင်ရွက်ခြင်းမရှိပါက ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပင်စင်စနစ် မဖြစ်နိုင်သကဲ့သို့ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှာလည်း ကြီးလေးတဲ့ တာဝန်တစ်ရပ်သဖွယ် ဆက်လက်ဖြစ်နေမှာ ဖြစ်ပါတယ်။ သို့ဖြစ်ရာ နိုင်ငံတော်မှသာ အလုံးစုံ တာဝန်ယူကျခံနေရတဲ့ လက်ရှိနိုင်ငံ့ဝန်ထမ်းပင်စင်စနစ်ကို တခြားကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင့်သုံးနေကြပြီးဖြစ်တဲ့ ရန်ပုံငွေကို အခြေခံပြီးတော့ ခံစားခွင့်ပြုတဲ့စနစ် Funded Defined Contribution System စနစ်သို့ ပြောင်းလဲ ဆောင်ရွက်ရန်အတွက် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းအပေါ်မှာ လိုအပ်သည်များ ဆွေးနွေးသုံးသပ် အတည်ပြုပေးပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၃၈၊ ပုဒ်မခွဲ (က) နဲ့ ပြည်သူ့လွှတ်တော်သို့ တင်သွင်းအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုပါဥပဒေကြမ်း ပြဋ္ဌာန်းလိုသော ရည်ရွည်ချက်များမှာ ပိုမိုထိရောက်ပြီး စွမ်းဆောင်ရည်ရှိသည့် ဗဟိုရန်ပုံငွေစနစ် ပေါ်ပေါက်ကျင့်သုံးနိုင်စေရန်၊ ရန်ပုံငွေထူထောင်ခြင်းမရှိသည့် သတ်မှတ်အကျိုး ခံစားခွင့်စနစ်မှ ဗဟိုရန်ပုံငွေအခြေခံပြီးတော့ အကျိုးခံစားခွင့်ပြုသည့်စနစ်သို့ ပြောင်းလဲရန်၊ ရန်ပုံငွေထူထောင်ခြင်းဖြင့် ကောင်းမွန်သည့် အုပ်ချုပ်စနစ် ဖြစ်ပေါ်ရေးပံ့ပိုးပေးရန်၊ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာများဖြင့် ရန်ပုံငွေကို တိုးပွားစေပြီး ရေရှည်တည်တံ့ခိုင်မာစေသည့် အကျိုးခံစားခွင့်များ ဖြစ်ပေါ်စေရန်၊ macro စီးပွားရေးဖွံ့ဖြိုးမှုနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးမှုများအတွက် လိုအပ်သောကဏ္ဍမှာ အထောက်အကူ ဖြစ်စေရန်နှင့် ပုဂ္ဂလိက ကဏ္ဍရှိ အဖွဲ့အစည်းများ၏ ဗဟိုရန်ပုံငွေဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်တို့ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေကို ထူထောင်ပြီး ပင်စင်စနစ်ပြုပြင်ခြင်းအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင်ရန်ပုံငွေစနစ်ကို ကျင့်သုံးလာစေနိုင်ခြင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှုအား သက်သာစေနိုင်ခြင်း၊ အငြိမ်းစားဝန်ထမ်းများအတွက် အကျိုးရှိစေမည့် ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းအားဖြင့် ရန်ပုံငွေတိုးပွားမှုအပေါ် မူတည်၍ အကျိုးခံစားခွင့်များ တိုးတက်ပြောင်းလဲ သတ်မှတ်ပေးနိုင်ခြင်း၊ ဝန်ထမ်းတို့၏ ဘဝနောင်ရေးအတွက် စိတ်အေးရအောင် အထောက်အပံ့ဖြစ်စေခြင်း၊ ဆင်းရဲနွမ်းပါးမှု၊ လျှော့ချရေးကိုလည်း အထောက်အပံ့ဖြစ်စေခြင်း၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေသော အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ စီမံခန့်ခွဲမှုများကို တစ်ဆင့်ပြီးတစ်ဆင့် အသွင်ကူးပြောင်းစေနိုင်ခြင်း စသည့် အကျိုးရလဒ်များကို ရရှိစေမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund- CPF) စနစ် စတင်အကောင်အထည်ဖော်ရာမှာ အကျုံးဝင်တဲ့ဝန်ထမ်းများ သတ်မှတ်ရာမှာ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ အသက်ဝင်ပြီးနောက် စတင်ခန့်အပ်တဲ့ ဝန်ထမ်းသစ်များ ပါဝင်စေရန်ဖြစ်ပါတယ်။ အကောင်အထည်ဖော်မှု ပိုမိုမြန်ဆန်စေရေးအတွက် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ အသက်ဝင်ချိန်မှာ ပင်စင်အကျိုးခံစားခွင့်မရှိသေးတဲ့ လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းများအားလုံး မဝင်မနေရစနစ်ဖြင့် ပါဝင်စေရန်ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

လုပ်သက် ၁၀ နှစ်အထက် နိုင်ငံဝန်ထမ်းများအနေဖြင့် အငြိမ်းစားအကျိုးခံစားခွင့်ကို နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ လက်ရှိပြဋ္ဌာန်းချက်များနှင့်အညီ လက်ရှိပင်စင်အဟောင်းတိုင်း ဆက်လက်ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး မူလခန့်မှန်း ခြေငွေစာရင်းတွင် စတင်ထည့်သွင်းလျာထားသည့် လုပ်ငန်းများအနေဖြင့် ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ နောင်ရေးအတွက် စိတ်အေးရစေရန်နှင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ပင်စင်လစာနှင့် ဆုကြေးအသုံးစရိတ်များ ကျခံသုံးစွဲမှုအခြေအနေကို ရေရှည်တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအတွက် နိုင်ငံတော်က စတင်မ,တည်ငွေ ကျပ်ဘီလျံ ၁၀၀ ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတွင် လျာထားခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK