Top News

ကယားပြည်နယ် ဖရူဆိုမြို့နယ်နှင့် ဖားဆောင်းမြို့နယ်မှ NLD ပါတီ ဥက္ကဋ္ဌ နှစ်ဦး နုတ်ထွက်စာတင်ထား
24htopnews | September 6, 2024 6:12 AM CST

ကယားပြည်နယ် ဖရူဆိုမြို့နယ်နှင့် ဖားဆောင်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ဥက္ကဋ္ဌ နှစ်ဦး နုတ်ထွက်စာ တင်ထားကြောင်း ကယားပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောကြားသည်။

ရွေးကောက်ပွဲအတွက် NLD ပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် တရားမျှတမှု မရှိသည့်အတွက် ပါတီဝင်အဖြစ်မှ နုတ်ထွက်လိုက်ကြောင်း ဖရူဆိုမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဂျိုဝါးနီက ဇူလိုင် ၂၈ ရက်တွင် ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

“ဒီလိုပါ သူတို့တိုက်ဆိုင်မှု မရှိဘူးလို့ပြောရမှာပေါ့ ။ သူတို့ ရွေးကောက်ပွဲမှာလုပ်တာ ပြည်သူကရွေးထားတဲ့ လူကို သူတို့ဗဟိုကလူတွေက ပယ်ချလိုက်တော့ ကျွန်တော် စိတ်ပါဝင်စားမှု အားနည်းတယ်ဆိုတော့ သူတို့နိုင်ချင်တယ်ဆိုတော့ ကျွန်တော် နုတ်ထွက်ပေးလိုက်တာ ။ ရပ်မိရပ်ဖက ရွေးတာ ငါးယောက်ရှိတယ်ပေါ့ ။ တစ်ယောက်ပဲ ပါလာတယ်လေ ။ သူတို့လုပ်ချင်တာ သူတို့လုပ်ပါစေပေါ့ ။ ကျွန်တော်တို့ပြည်သူလူထုက ရွေးလာတဲ့လူတွေ NLD နိုင်ချင်တယ်ဆိုလို့ ရှိရင်တော့ ပြည်သူ့အသံနားထောင်ရမှာပေါ့ ။ ပြည်သူ့အသံနာ းမထောင်ပဲ သူတို့ဗဟိုအဖွဲ့ သူတို့လုပ်ချင်တာလုပ် ပြီးတာပါပဲလေ '' ဟု ဖရူဆိုမြို့နယ် NLD ဥက္ကဋ္ဌဖြစ်သူ ဦးဂျိုဝါးနီက The Daily Eleven သတင်းစာကို ပြောကြားသည် ။

ထို့အတူ ဖားဆောင်းမြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းသန်းရွှေမှာ ပါတီမှ အနားယူလိုသဖြင့် ဇူလိုင် ၂၅ ရက်တွင် နုတ်ထွက်စာ တင်ထားကြောင်း သိရသည်။

"သူတို့နှစ်ယောက်နုတ်ထွက်စာ တင်ထားတယ်။ ကိုယ်စားလှယ် ရွေးတဲ့အခါကျတော့ ဆရာတို့ကလည်း ရွေးတာမဟုတ်ဘူး။ အဆင့်ဆင့်ရွေးကြတာ။ သူသတ်မှတ်ထားတဲ့စံနဲ့ပေါ့။ သတ်မှတ်ချက်နဲ့ မကိုက်လို့ မပါလာတာလို့ပဲ ဆရာမြင်ပါတယ်''ဟု ဦးသောင်းဌေးက ပြောကြားသည် ။

ကယားပြည်နယ်အဆင့် ၂၀၂၀ ရွေးကောက်ပွဲဝင်မည့် ပဏာမ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ပထမဦးစားပေးနှင့် ဒုတိယ ဦးစားပေးအဆင့် စသည်ဖြင့် သတ်မှတ်ထားပြီး ပထမ ဦးစားပေးစာရင်းတွင် ၃၃ ဦး၊ ဒုတိယ ဦးစားပေးစာရင်းတွင် ၂၈ ဦး စုစုပေါင်း ၆၁ ဦးရှိကြောင်း သိရသည်။

သို့သော် NLD ပါတီ CEC ဆုံးဖြတ်ချက်အရ နောက်ဆုံး ရွေးချယ်ထုတ်ပြန်လိုက်သည့်စာရင်းတွင် မြို့နယ်အဆင့်၌ မြို့မိမြို့ဖများက ရွေးချယ်ထားသောသူများ အနည်းငယ်ပါဝင်ခဲ့ပြီး ဒုတိယ ဦးစားပေးဆင့်ရှိသူများနှင့် မည်သည့် ဦးစားပေးမှုမျှ မရှိသောသူများလည်း ပါဝင်လာကြောင်း သိရသည်။

လက်ရှိတွင် ကယားပြည်နယ်၌ NLD ပါတီအနေဖြင့် မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးသုံးဦးမှာ ရွေးကောက်ပွဲဝင်ရန် ပြန်လည်ရွေးချယ်ခံထားရပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၃ ဦးတွင် အမျိုးသမီး ခြောက်ဦးပါဝင်ကြောင်း သိရသည်။

ထို့ပြင် NLD အစိုးရ သက်တမ်း လေးနှစ်အတွင်း အစိုးရအား စောင့်ကြည့်နိုင်ခြင်း၊ ပြည်သူများ၏ တိုင်ကြားမှုများအား ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် နာမည်ကောင်းရခဲ့သည့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယလွှတ်တော်ဥက္ကဋ္ဌတို့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်မခံရသည့်အပေါ်တွင်လည်း ဝေဖန်မှုများရှိခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ဆန္ဓမဲပေးပိုင်ခွင့်ရှိသူ ၁၇၈၁၇၅ ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ သုံးသောင်းခန့် တိုးလာကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သတင်းရရှိသည်။

 

 

 

 


READ NEXT
Cancel OK