Top News

ကချင်ပြည်နယ် ၀ိုင်းမော်နှင့် မိုးညှင်းမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို ကန့်ကွက်ကြောင်းနှင့် ပြန်လည်ရွေးချယ်ပေးရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ ဒေသခံပြည်သူများ လက်မှတ်ထိုး တင်ပြတောင်းဆို
24htopnews | September 6, 2024 6:12 AM CST

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်နှင့် မိုးညှင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို ကန့်ကွက်ကြောင်းနှင့် ပြန်လည်ရွေးချယ်ပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ ဒေသခံပြည်သူများက လက်မှတ်ထိုး တင်ပြတောင်းဆိုမှု ပြုလုပ်ထားကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးချယ်အတည်ပြုခဲ့သူမှာ ဒေသခံမဟုတ်ခြင်း၊ ပြည်သူနှင့်တွေ့ဆုံမှု လုံးဝမရှိခြင်းနှင့် ယုံကြည်အားကိုးထိုက်သူ မဟုတ်ခြင်းကြောင့် မဲဆန္ဒရှင်ပြည်သူအများစုက ကန့်ကွက်ကြောင်းကို NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ဇူလိုင်၂၇ ရက်က လက်မှတ်ရေးထိုး တင်ပြခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ ကျွန်တော်တို့ ဝိုင်းမော်မြို့နယ်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ထားသူက အဂတိနဲ့ နှစ်ကြိမ်လောက် တိုင်ကြားခံရမှုတွေ ရှိထားတယ်။ အဲဒီလိုလူကို ပါတီအောင်နိုင်ရေးအတွက် ဘယ်လိုလုပ် စည်းရုံးပေးရမှာလဲ။ အဆိပ်ပင်ရေလောင်း ခိုင်းနေကြတာလား” ဟု လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးတင်ပြခဲ့သည့် ၀ိုင်းမော်မြို့နယ်မှ NLD ပါတီဝင်တစ်ဦးက ဆိုသည်။

ထို့အတူ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်-အင်းတော်ကြီးဒေသရှိ မဲဆန္ဒရှင်ပြည်သူများကလည်း မိုးညှင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှုနှင့်ပတ်သက်၍ လက်ရှိတာဝန်ထမ်းဆောင်နေသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးကို ကျော်လွန်၍ ကုန်တင်ကုန်ချအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူအား ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့မှုအပေါ် ကန့်ကွက်တင်ပြထားကြောင်း သိရသည်။

ယင်းသို့ ရွေးချယ်ခဲ့မှုမှာ မဲဆန္ဒရှင်များ ကြိုက်နှစ်သက်မှုမရှိခြင်း၊ ယုံကြည်အားကိုးလောက်စရာ မရှိကြောင်းနှင့် ယင်းကိုယ်စားလှယ်လောင်းမှာ ကုန်တင်ကုန်ချအလုပ်သမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသည်ကို ဟိုပင်-အင်းတော်ကြီး ဒေသတစ်ခုလုံးက သိရှိထားသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ရန် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အဆင်သင့်မဖြစ်သေးသည့်အပြင် ယခုကဲ့သို့ အရေးကြီးသည့် ကာလတွင် စွမ်းဆောင်ရည်မြင့်မား၍ ယုံကြည်အားကိုးအားထားပြုထိုက်သူကိုသာ ဦးဆောင်စေချင်သည်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် နားလည်လက်ခံမည်ဟု ယုံကြည်သည့်အတွက် ကန့်ကွက်တင်ပြခဲ့ခြင်းဖြစ်ကြောင်း ကန့်ကွက်တင်ပြသည့်စာတွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းကိုယ်စားလှယ်လောင်းမှာ ဟိုပင်မြို့ မြဇေယျာရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်ရန် အရည်အချင်းမပြည့်မီသည့်အပြင် အတွေ့အကြုံ လိုအပ်နေသေးသဖြင့် ရပ်ကွက် ရာအိမ်မှူးအဖြစ်သာ တာဝန်ပေးအပ်ခဲ့ရသော အခြေအနေဖြစ်ပြီး တစ်ဖက်ပါတီမှ ဝင်ရောက်ရွေးချယ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူမှာ မြေပြင်အခြေအနေများအရ အဘက်ဘက်မှ သာလွန်နေကြောင်း ၊ ယခုအကြိမ်တွင် အားကိုးယုံကြည်ထိုက်သူကိုသာ ကြည့်၍ မဲပေးကြမည်မှာ မလွဲဧကန်ဖြစ်ခြင်းကြောင့် ယှဉ်ပြိုင်ဘက်ပါတီများမှ အားသာမှုရှိနေ၍ ပြန်လည်စိစစ်ပေးစေချင်ကြောင်း ဒေသခံများက လက်မှတ်ထိုးတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရွေးချယ်ရာတွင် မိုးညှင်းမြို့နယ် ရွေးချယ်တင်မြောက်ရေးအဖွဲ့မှာ အုပ်စုဖွဲ့၊ လက်ဝါးချင်းရိုက်၊ ဘက်လိုက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒေသတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် လက်ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းမှာ ပါတီတွင်း မဲပေးရွေးချယ်ရာ၌ ၂၃ ဦးရှိသည့်အနက် သုံးမဲသာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုးညှင်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်အေးက “ ရပ်မိရပ်ဖက မိုးညှင်း နှစ်ဦး၊ ဟိုပင် တစ်ဦး၊ အင်းတော်ကြီး တစ်ဦး၊ နမ္မားက တစ်ဦး ရွေးကြတာပါ။ ပြည်နယ်ကလည်း ထောက်ခံချက်လိုမျိုး ပေးရတာရှိတယ်လို့ သိရတယ်။ အခုပါလာတာက ရပ်မိရပ်ဖတွေ ရွေးတဲ့အတိုင်းပါပဲ။ ရွေးပြီးတုန်းကတော့ ဘာပြဿနာမှရှိဘူး။ အဓိကတော့ ပုဂ္ဂိုလ်ရေးပါ” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် NLD ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်၍ မန်စီမြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းနှစ်ကိုလည်း ပြန်လည်စိစစ်ပေးရန် တင်ပြတိုင်ကြားထားမှု များရှိသည်။ လက်ရှိအချိန်တွင် NLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK