Top News

အစိုးရက အခြေခံလူတန်းစားများအားထောက်ပံ့သည့် ကျပ်နှစ်သောင်းကို အိမ်တိုင်ရာရောက်ပေးအပ်ရာတွင် ကော့မှူးမြို့နယ်၌ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ပါဝင်ပေးအပ်မှုအပေါ် ဝေဖန်မှုများရှိနေ
24htopnews | September 6, 2024 6:12 AM CST

အစိုးရက အခြေခံလူတန်းစားများအား ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းအား အိမ်တိုင်ရာရောက် ပေးအပ်သည့်ဖြစ်စဉ်တွင် ကော့မှူးမြို့နယ်၌ NLD ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပါဝင်ပေးအပ်မှုဖြစ်စဉ်အပေါ် နိုင်ငံရေးပါတီအချို့နှင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအချို့က ဝေဖန်ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးကပ်ချိန်တွင် အာဏာရပါတီမှ ကိုယ်စားလှယ်အချို့၏ ယင်းသို့ဆောင်ရွက်မှုများက မဲဆွယ်စည်းရုံးသည့်သဘောမျိုး ယူဆ၍ရကြောင်း ထောက်ပြဝေဖန်ကြခြင်းဖြစ်သည်။

ဇူလိုင် ၂၆ ရက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အစိုးရမှ ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းကို အိမ်တိုင်ရာ ရောက်ပေးအပ်ရာတွင် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက ရပ်/ ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြည်သူ့ပါတီမှ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးညိုထွန်းက “နံပါတ်တစ်အချက်ကတော့ဗျာ မဲဆွယ်ကာလမဟုတ်ဘဲ မဲဆွယ်သလိုလုပ်တယ်ပေါ့။ နံပါတ်နှစ်အချက်က အဲဒီပိုက်ဆံဟာ နိုင်ငံတော်ပိုက်ဆံလား၊ အဲဒီလွှတ်တော်ကိုယ်စားလှယ်ရဲ့ ပိုက်ဆံလားဆိုတာ မေးခွန်းထုတ်ရမယ်။ သူ့ပိုက်ဆံဆိုရင်တောင်မှ အဲဒါမဲဆွယ်တာပဲလေ။ နိုင်ငံတော်ပိုက်ဆံဆိုရင် ပိုဆိုးတာပေ့ါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို ထိခိုက်တာပ”ဲ ဟု ဝေဖန်ပြောကြားသည်။

အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ဒုတိယအကြိမ်အဖြစ်ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အပါအဝင် တာဝန်ရှိသူများက ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ကာ ၎င်းတို့မှတစ်ဆင့် အိမ်ထောင်စုများထံ လက်ဝယ်အရောက် ပေးအပ်ခြင်းဖြစ်သည်။

ထိုသို့ အိမ်ထောင်စုများအား သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ အိမ်တိုင်ရာရောက်ပေးအပ်ရာတွင် အချို့သောမြို့နယ်များ၌ NLD ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အချို့ ပါဝင်ပေးအပ်ခြင်းနှင့် အချို့သောမြို့နယ်များတွင် ရပ်ကွက်ရုံး၌ ပေးအပ်စဉ် ပါဝင်ပေးအပ်မှုများရှိသည်။

လက်ရှိရက်ပိုင်းတွင် အစိုးရထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းကို အခြေခံလူတန်းစားအိမ်ထောင်စုများထံ စတင်ပေးအပ်လျက်ရှိရာ ဇူလိုင် ၂၉ ရက်က မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင်လည်း NLD ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ရပ်/ ကျေးအုပ်ချုပ်ရေးတာဝန် ရှိသူများနှင့်အတူ အိမ်ထောင်စုအချို့အား ရပ်ကွက်ရုံး၌ ထောက်ပံ့ငွေပေးအပ်ရာတွင် ပါဝင်ပေးအပ်ခဲ့သည်။

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ မြို့နယ်အဆင့် ကော်မတီများရှိရာ ယင်းကော်မတီများတွင် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ပါဝင်သည်ဆိုလျှင် မဲဆွယ်စည်းရုံးသည်ဟု ပြောဆိုရန် ခက်ခဲသော်လည်းကော်မတီတွင်ပါဝင်ခြင်းမရှိဘဲ ဝင်ရောက်ပေးအပ်သည်ဆိုလျှင် စည်းရုံးရေးလုပ်ဆောင်သည်ဟု ရှုမြင်နိုင်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ UNDP ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

“ကော်မတီထဲမှာ ကိုယ်စားလှယ် ပါ မပါတော့ မသိဘူး။ ကော်မတီထဲမှာ ကိုယ်စားလှယ်ပါတယ်ဆိုရင်တော့ မဲဆွယ်ပြီးတော့ပေးတယ်ဆိုတာ ပြောရခက်တာပေါ့။ COVID ကော်မတီထဲမှာ ကိုယ်စားလှယ်က မပါဘဲနဲ့ သူ့ဘာသာလိုက်ပေးတာဆိုရင်တော့ စည်းရုံးရေးလုပ်တယ် ပြောလို့ရတယ်” ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အိမ်တိုင်ရာရောက် အစိုးရထောက်ပံ့ငွေ ပေးအပ်ရာတွင် ပါဝင်သည့်အပေါ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် House of Orchid ပိုင်ရှင် ဦးဌေးအောင်က “အစ်မ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအနိုင်ရဖို့ မတရားသောနည်းလမ်းများကို မသုံးစေလိုပါ” ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဇူလိုင် ၂၉ ရက်က ရေးသားထားသည်။

ကော့မှူးမြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီတွင် ကော်မတီနာယကတစ်ဦးအနေဖြင့် ပါဝင်လျက်ရှိခြင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ထောက်ပံ့ငွေပေးအပ်ရာတွင် ပါဝင်ရန် ဖိတ်ကြားခံရမှုကြောင့် ပါဝင်ပေးအပ်ခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက ဝေဖန်မှုများနှင့်ပတ်သက်၍ ရှင်းလင်းသည်။

“ဒါကတော့ ဝေဖန်နေတာတော့ ပြောနေကြတာပေါ့နော်။ တကယ်တော့ ဒါက အစိုးရရဲဲ့ ထောက်ပံ့မှုပေးတဲ့အချိန်မှာ ကျွန်မတို့က လက်ရှိကိုယ်စားလှယ်ဖြစ်နေတဲ့အတွက် လက်ရှိကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဖိတ်ကြားတဲ့အတွက် တက်ရောက်တာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးတာ မဟုတ်ပါဘူး” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက ပြောကြားသည်။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့်အတွက် မြို့နယ်တွင်း ဒေသဖွံ့ဖြိုးရေး ကိစ္စအပါအဝင် အခြားသော ဆောင်ရွက်စရာများတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အားသာချက်ရှိမည်ဟု အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ New Myanmar Foundation ၏ ရွေးကောက်ပွဲဆိုင်ရာအကြံပေး မမြနန္ဒာသင်းက ပြောကြားသည်။

“ဥပဒေပိုင်း၊ ကျင့်ဝတ်ပိုင်းချိုးဖောက်တယ်၊ မဖောက်ဘူးဆိုတာတော့ မဲဆွယ်စည်းရုံးရေးကာလ မဟုတ်သေးတဲ့အတွက် သူကဒီဟာကြီးကိုပေးပြီးတော့ ကျွန်မကဝင်ပြိုင်မှာပါ။ အဲဒီအတွက် ကျွန်မကိုမဲပေးပါဆိုတာမျိုး ပြောနေလား။ မပြောနေလား အစ်မတို့မသိဘူး။ ဥပမာ ဟိုလိုမျိုးလည်းရှိနိုင်တာက ဒါကနိုင်ငံတော်အစိုးရက ထောက်ပံ့တယ်။ သူက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လာပေးတယ်။ အဲလိုအနေအထားမျိုးလည်း ရှိနိုင်တယ်။ သူ့ရဲ့ ဘယ်လိုပြောဆိုသွားလဲဆိုတဲ့အပေါ်မှာ မူတည်မယ်ထင်တယ်” ဟု မမြ နန္ဒာသင်းက ပြောကြားသည်။

NLD ပါတီက ၂၀၂၀ အထွေထွေရွေး ကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ဇူလိုင် ၂၃ ရက်က ကြေညာရာတွင် ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် လက်ရှိလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာအေးပင် ထပ်မံအရွေးချယ်ခံထားရသည်။


READ NEXT
Cancel OK