Top News

ဆော့လော်မြို့နယ် မဲဆန္ဒနယ် (၂) မှ NLD ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ပတ်သက်၍ ဒေသခံမဟုတ်ခြင်း၊ ယခင်ရွေးကောက်ပွဲများတွင် ပြိုင်ဘက်ဖြစ်ခဲ့ခြင်း စသည့်အချက်များဖြင့် ဒေသခံပါတီဝင်များက တိုင်ကြား
24htopnews | September 6, 2024 6:12 AM CST

ဆော့လော်မြို့နယ် မဲဆန္ဒနယ် (၂) မှ NLD ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ပတ်သက်၍ ဒေသခံမဟုတ်ခြင်း၊ ယခင်ရွေးကောက်ပွဲများတွင် ပြိုင်ဘက်ဖြစ်ခဲ့ခြင်းစသည့် အချက်များဖြင့် ဒေသခံပါတီဝင်များက တိုင်ကြားထားကြောင်း သိရသည်။

တိုင်ကြားစာတွင် ဒေသခံမဟုတ်ခြင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းတစ်လျှောက်တွင် ကျေးရွာအုပ်စု ခြောက်စုတွင် သုံးစုကိုသာ ကွင်းဆင်းခဲ့ခြင်း၊ မြို့နယ်သို့ ကိုယ်စားလှယ်လျှောက်လွှာတင်လာခြင်းမရှိခြင်း၊ ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်ကာ ကိုယ်ကျိုးရှာခြင်း စသည့်အချက်များကြောင့် ဒေသခံပါတီဝင်များက တိုင်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။

ဆော့လော်ဒေသခံ ပါတီဝင်တစ်ဦးဖြစ်သူက “ရွေးချယ်တော့ ဒီဒေသကလီဆူ၊ လော်ဝေါ်များတယ်။ ယဉ်ကျေးမှုအဖွဲ့တွေကလည်း ရွေးထားတာကိုထောက်ခံပြီးသား။ ရွေးချယ်ရေးအဖွဲ့တွေလည်း တစ်ရွာတည်းမဟုတ်ဘူး။ ရွာပေါင်းစုံကလာရတယ်။ တချို့ ရွာခံရပ်မိ ရပ်ဖ ခေါ်ရတာလည်း အသွားအပြန် ငါးရက်ကြာတယ်။ လမ်းဆိုးလို့။ အခုရွေးပေးလိုက်တဲ့ လေးဦးမှာ တစ်ဦးကပြုတ်ပြီး။ ဒေသခံမဟုတ်တဲ့သူတို့ထည့်တာ မကျေနပ်တာပေါ့။ အရင်က တခြားပါတီက ပြိုင်ဘက်လေ။ အခုက ကျွန်တော်တို့ပါတီကိုရောက်ပြီး ပြိုင်ဖို့ဝင်လာတာက ပါတီမူနဲ့ မကိုက်ဘူးလေ။ အရင်ကိုယ်စားလှယ်မရွေးခင်ကလည်း တိုင်ထားတယ်။ သူတို့ကို ရွေးမယ်သတင်းကြားလို့။ အခုရွေးပြီးတော့လည်း ဇူလိုင် ၂၅ ရက်နေ့က ပြန်တိုင်တာပေါ့။ ဘာမှတော့ အကြောင်းမကြားသေးဘူး” ဟု ပြောကြားသည်။

တိုင်ကြားခံရသူ ဒေါ်ခေါ်မာဝူမှာ လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ဆော့လော်မဲဆန္ဒနယ်အမှတ် (၂) မှ အနိုင်ရရှိခဲ့သူဖြစ်ပြီး လက်ရှိတွင် ပါတီမှထွက်ကာ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ် စားလှယ်တစ်ဦးအဖြစ် ရပ်တည်နေသည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက “တိုင်ကြားထားတာကိုတော့ မသိရသေးဘူး။ နိုင်ငံရေးမှာတော့ ဒီလိုပဲပြိုင်ဘက်တွေဆိုတာတော့ အမြဲရှိတတ်ပါတယ်။ လမ်းပန်းခရီးတွေကြောင့် ကွင်းမဆင်းနိုင်တဲ့ရွာကိုလည်း ကွင်းဆင်းရွာက ဆန်တစ်အိတ်ဆိုရင် အဲဒီရွာတွေကိုလည်း ဆန်တစ်အိတ်ပေးတာပါပဲ။ ခွဲခြားတာမရှိပါဘူး။ တစ်ပြေးညီဆောင် ရွက်ခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ချင်လို့ လျှောက်လွှာတင်တယ်။ ပါတီက အဆင့်ဆင့် စိစစ်ပြီးရွေးချယ်တာပါ” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် မန်စီမြို့နယ်မှ ကိုယ်စားလှယ်လောင်းနှစ်ဦး၊ ၀ိုင်းမော်နှင့် မိုးညှင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးတို့ကိုလည်း ဒေသခံပါတီဝင်များက တိုင်ကြားမှုများရှိခဲ့သည်။

 


READ NEXT
Cancel OK