Top News

စေ့စပ်ညှိနှိုင်းမှုများ အလျှော့အတင်းမရှိပါက ရှေ့ဆက်၍ရနိုင်မည်မဟုတ်ကြောင်း NRPC ဒုတိယဥက္ကဋ္ဌ ပြောကြား
24htopnews | September 6, 2024 6:12 AM CST

စေ့စပ်ညှိနှိုင်းမှုများ အလျှော့အတင်း မရှိပါက ရှေ့ဆက်၍ ရနိုင်မည်မဟုတ်ကြောင်း အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-SEAO) အကြား ဇူလိုင် ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပခြင်းအပါအဝင် ရှစ်ကြိမ်မြောက် JICM ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရနှင့် NCA-SEAO ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး သြဂုတ် ၁ ရက်တွင် နေပြည်တော်၌ ညှိနှိုင်းအစည်းအဝေး ထပ်မံပြုလုပ်ရန် ယခုအစည်းအဝေးတွင် လျာထားသတ်မှတ်ခဲ့သည်။

“ဖက်ဒရယ်စနစ်ရဲ့ အဓိကအခြေခံဖြစ်တဲ့ သဘောတူညီမှုတွေက ဆွေးနွေးမှုတွေအပေါ်မှာ အခြေခံတာဖြစ်ပါတယ်။ ညှိနှိုင်းမှုတွေဟာ များစွာပဲအဓိကကျပါတယ်။ ညှိနှိုင်းမှုတွေ၊ စေ့စပ်ညှိနှိုင်းမှုတွေ ကျွန်တော်တို့ အလျှော့အတင်း မရှိဘူးဆိုရင် ရှေ့ဆက်လို့မရနိုင်ပါဘူး” ဟု NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အား ချုပ်ဆိုကြမည်ဖြစ်ပြီး အဆိုပါ အစိတ်အပိုင်း (၃) တွင် သဘောတူညီချက်များ ထည့်သွင်းချုပ်ဆိုနိုင်ရေးအတွက် အစိုးရနှင့် NCA-SEAO တို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ကာ ယခုလေးရက်တာ ပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းအဝေးတွင် ရလဒ်ကောင်းများရရှိခဲ့သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များက ပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရလဒ်ကောင်းများ ရရှိလိုသောဆန္ဒ၊ အဖြေထွက်လိုသော ဆန္ဒများဖြင့် နှစ်ဖက်ကိုယ်စားလှယ်များသည် အစည်းအဝေးအတွင်း၌ဖြစ်စေ၊ လက်ဖက်ရည်ဝိုင်းကဲ့သို့သော သီးခြားတွေ့ဆုံမှုများတွင်ဖြစ်စေ အပြန်အလှန်လေးစားမှု၊ စိတ်ရှည်မှု၊ တစ်ဖက်နှင့်တစ်ဖက် ဆန္ဒများကို အလေးထား၍ ဆွေးနွေးခဲ့ကြသည်ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။ 

“ကျွန်တော်တို့ရဲ့ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ တကယ့်ဖက်ဒရယ် အခြေခံကောင်းတွေရဖို့အတွက် ကျွန်တော်တို့ ဆက်လက်ပြီးတော့ ကြိုးစားကြပါမယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

အစိုးရနှင့် NCA-SEAO တို့၏ နှစ်ဖက်ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ အကြောင်းအရာများထဲမှ သဘောမတူသေးသော အချက်များကို ယခုအစည်းအဝေးတွင် ဆက်လက်ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ပြီး အဓိကအရေးပါသော အချက်များကိုလည်း သဘောတူညီချက် ထပ်မံရရှိခဲ့ကာ အဆိုပါအချက်သည် တိုးတက်မှုဖြစ်သည်ဟု NCA-SEAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာမူ ဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“ဆွေးနွေးဖို့ ကျန်ရှိတဲ့အချက်တွေကို လာမယ့်သတ္တမအကြိမ်မြောက် အစိုးရနှင့် NCA-SEAO နှစ်ဖက်ညှိနှိုင်းရေး အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကရရှိတဲ့ အစည်းအဝေး ရလဒ်တွေကို JICM အကြိုပြင်ဆင်ခြင်းအစည်းအဝေးနဲ့ JICM အစည်းအဝေးမှာ အပြီးသတ်သဘောတူညီချက် အတည်ပြုပေးဖို့ ဆက်လက်သယ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

အားလုံးကျေနပ်လက်ခံသည့် ပြီးပြည့်စုံသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ရေး၊ အနှစ်သာရပြည့်ဝသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် ချောမွေ့စွာ ရှေ့ဆက်သွားနိုင်ရေးတို့ကို ဦးတည်ဆွေးနွေးပေးခဲ့သည့်အတွက် နှစ်ဖက်ကိုယ်စားလှယ်များကို ချီးကျူးဂုဏ်ပြုကြောင်းလည်း ၎င်းက ပြောကြားသည်။    

 


READ NEXT
Cancel OK