Top News

ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီးသုံးဦးအပြင် ဝန်ကြီးဌာနတစ်ခုတိုးပြီး ဝန်ကြီးလေးဦး ခန့်အပ်ရန် ပြင်ဆင်နေ
24htopnews | August 16, 2024 5:12 AM CST

 

ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီးသုံးဦးအပြင် ဝန်ကြီးဌာန တစ်ခုတိုးပြီး ဝန်ကြီးလေးဦး ခန့်အပ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး သုံးဦးနေရာတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က နိုင်ငံတော်သမ္မတရုံးက နုတ်ထွက်ခွင့်၊ တာဝန်မှ ရပ်စဲခဲ့ခြင်း ပြုလုပ်ပြီးနောက် လစ်လပ်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ်ရှိ ပါတီတစ်ခုမှ ပါတီဝင်တစ်ဦးက “လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနကို လျှပ်စစ်ဝန်ကြီးဌာန ခွဲထုတ်မယ်။ အရပ်သားကိုပဲ ခန့်ဖို့ရှိတယ်။ ကျန်နေရာ သုံးခုကိုတော့ ရွေးချယ်ခံထဲက ခန့်မယ်။ လူမှုရေးဝန်ကြီးနေရာကို စည်ပင်သာယာရေးဝန်ကြီး ဝင်လိမ့်မယ်။ အခုမှ စာတင်ပြရမှာဆိုတော့ အတိအကျ ဘယ်သူတွေဆိုတာ မထုတ်ပြန်နိုင်သေးဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်ကမူ ယင်းကိစ္စနှင့် ပတ်သက်၍ အချိန်ကျမှာသာ ပြောပြမည်ဖြစ်ကြောင်း ပြောကြားသည်။

ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်ရုံးခန်းသို့ ၀ိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ (ခ) ဦးဇ ခေါင်ခမ်းရယ်၊ မိုးညှင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးကျော်ကျော်ဝင်း၊ NLD ပါတီဝင် တစ်ဦးဖြစ်သူ ဦးထွန်းညွန့် (ရွှေကြိုးကြာ) တို့အား ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ခေါ်ယူခဲ့ကြောင်း၊ ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဒါရှီလဆိုင်းမှာ လမ်းခရီးပေါ်တွင်သာ ရှိနေသဖြင့် မရောက်ရှိနိုင်သေးကြောင်း သိရသည်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး နေရာအတွက် ဦးကျော်ကျော်ဝင်း၊ လူမှုရေးဝန်ကြီး နေရာအတွက် ဦးနေဝင်း၊ စည်ပင်သာယာဝန်ကြီး နေရာအတွက် ဦးနော်လီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး နေရာအတွက် ဦးဒါရှီလဆိုင်း၊ လျှပ်စစ်ဝန်ကြီး နေရာအတွက် ဦးထွန်းညွန့် (ရွှေကြိုးကြာ) တို့ကို ခန့်အပ်ရန် စီစဉ်နေသည်ဟု ယူဆရကြောင်း ကချင်ပြည်နယ် ပြည်သူများအကြား သုံးသပ်မှုများ ရှိနေသည်။

အဆိုပါ ဝန်ကြီးနေရာများ ခန့်အပ်နိုင်ရေးအတွက် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပရန် ခေါ်ယူထားသည်။

 


READ NEXT
Cancel OK