Top News

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းမှု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံး မတ်တတ်ရပ် ကန့်ကွက်ခဲ့သော်လည်း အဆိုကို  ဆွေးနွေးရန် မဲခွဲအတည်ပြု
24htopnews | August 16, 2024 5:12 AM CST

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းများ စောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းမှု တပ်မတော်သား ကိုယ်စားလှယ်အားလုံး မတ်တတ်ရပ် ကန့်ကွက်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်တွင် အဆိုကို ဆွေးနွေးရန် မဲခွဲ အတည်ပြုခဲ့သည်။ 

နေပြည်တော်၌ ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး လုပ်ငန်းများကို စောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ 

“လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေနေမှာ မြန်မာနိုင်ငံသား ပြည်သူများနဲ့ အရေးကြီး သက်ဆိုင်တဲ့ကိစ္စလည်းဖြစ် ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ရယူရန် လိုအပ်တဲ့ ကိစ္စလည်း ဖြစ်တဲ့အတွက်ကြောင့် တင်သွင်းရခြင်း ဖြစ်ပါတယ်။ တင်သွင်းရတဲ့ အနေအထားတွေဟာ ကျွန်တော်တို့အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာ သုံးသပ်လိုက်တဲ့အခါမှာ ဒီမိုကရေစီစံနှုန်းများနဲ့ ညီညွတ်ခြင်း မရှိသေးတဲ့ ပြဋ္ဌာန်းချက်တွေ ရှေ့နောက်ညီညွတ်ခြင်း မရှိဘဲ ကွဲလွဲ ဆန့်ကျင်နေတဲ့ ပြဋ္ဌာန်းချက်တွေ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတားဖြစ်နေတဲ့ ပြဋ္ဌာန်းချက်တွေ ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ အဟန့်အတားဖြစ်စေတဲ့ ပြဋ္ဌာန်းချက်တွေ အပြန်အလှန် ထိန်းကျောင်းရမယ့် ဒီမိုကရေစီ မဏ္ဍိုင်ကြီး သုံးရပ်အား တစ်ဖက်စောင်းနင်း ဖြစ်စေတတ်တဲ့ ပြဋ္ဌာန်းချက်တွေ နိုင်ငံသားများရဲ့ တန်းတူညီမျှမှုကို အကာအကွယ်ပေးနိုင်ခြင်း မရှိတဲ့ ပြဋ္ဌာန်းချက်များနဲ့ ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတရေးကို ထိခိုက်နိုင်တဲ့ ပြဋ္ဌာန်းချက်များ ရှိနေသေးတာကို လေ့လာစိစစ် တွေ့ရှိရပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် ဒီမိုကရေစီ အခြေခံအုတ်မြစ်များ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်းကိုလည်းပဲ လေ့လာတွေ့ရှိရပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စပ်လျဉ်းပြီး ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို ၂၀၁၃ ခုနှစ်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးများ အားလုံး ပါဝင်သော မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရယူခဲ့တဲ့အခါတုန်းက ၉၇ ရာခိုင်နှုန်းသော ပြည်သူများက ပြင်ဆင် ပြောင်းလဲလိုကြောင်း ဆန္ဒပြုခဲ့ကြပါတယ်”ဟု အဆိုရှင် ဦးအောင်ကြည့်ညွန့်က ပြောကြားသည်။ 

အဆိုပါ အရေးကြီးအဆိုနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က “ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မပြင်ရဘူးလို့ ကျွန်တော်တို့က တင်ပြခြင်း မဟုတ်ပါဘူး။ ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့ သဘောတူပါတယ်။ သဘောတူတဲ့ အတွက်လည်း လုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်ဖို့ တင်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလွှတ်တော်ခန်းမကြီးထဲကို ရောက်နေတဲ့ လူတွေဟာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရ ရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုကော်မတီဖွဲ့တယ် ဆိုလို့ရှိရင် နည်းဥပဒေပုဒ်မ ၁၃၅ အရ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို တင်မယ်။ ဒါကိုမှ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကနေ ပူးပေါင်းဖွဲ့စည်းတဲ့ အဖွဲ့ကနေ စိစစ်မယ်ဆိုပြီးတော့ ဒီလိုပါပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ဒီလို ကော်မတီဖွဲ့ပြီးတော့ စိစစ်မယ်လို့ဆိုရင် ဘယ်ပုဒ်မတွေကို စိစစ်မလဲ၊ ကော်မတီက ဘာတွေလုပ်မှာလဲ ဆိုတာက ပုဒ်မတွေကလည်း Unseen ၊ ကော်မတီရဲ့ လုပ်ပိုင်ခွင့်လည်း ဘယ်လောက်အထိ ကျယ်ပြန့်မယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ပြီးရင်လည်း နည်းဥပဒေ ၁၃၆ အရ ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလည်း စတင်ဆွေးနွေးခြင်း မပြုမီမှာ သက်ဆိုင်ရာ ပူးပေါင်းကော်မတီကနေပြီးတော့မှ ဆွေးနွေးစိစစ်ပြီးတော့မှ ဒီဆွေးနွေးချက်တွေရယ်၊ ဥပဒေကြမ်းရယ်ကို လွှတ်တော် ကိုယ်စားလှယ်အားလုံးကို ဖြန့်ဝေပေးရမှာ ဖြစ်ပါတယ်။ ဒါက ပြည်ထောင်စု လွှတ်တော်ရဲ့ နည်းဥပဒေ ပုဒ်မ ၁၃၆ အတိုင်းပါ။ အခုလွှတ်တော် ကိုယ်စားလှယ်အားလုံးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၅ ဇယား-၄ မှာ ပါတဲ့အတိုင်း ကတိသစ္စာ ပြုထားကြသူတွေ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပါမည်။ နိုင်ငံရဲ့ ဥပဒေများကိုလည်း လေးစား လိုက်နာပါမည်ဆိုပြီး ကတိသစ္စာ ပြုထားကြသူတွေ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံတော်ရဲ့ ဥပဒေပြုရေး တာဝန်ကို အဓိက လုပ်ဆောင်နေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ မိမိရဲ့ လုပ်ဆောင်ချက်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက်ကို များစွာ အရေးကြီးပါတယ်။ ဥပဒေကို ကျော်လွန် လုပ်ဆောင်တာ၊ ဥပဒေကို လက်တစ်လုံခြား လုပ်ပြီးတော့မှ လုပ်ဆောင်နေတယ် ဆိုလို့ရှိရင်တော့ ပေါ်ထွက်လာမယ့် အကျိုးရလဒ်တွေဟာလည်း မှန်ကန်ကောင်းမွန်မှာ မဟုတ်ဘဲနဲ့ အဂတိတရားနဲ့ မကင်းတဲ့ အကျိုးရလဒ်ဖြစ်မှာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ကတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီသာ ဆောင်ရွက်သင့်ပါတယ်။ လုပ်ထုံးလုပ်နည်းကို ကျော်ပြီး မလုပ်သင့်ကြောင်း တင်ပြအပ်ပါတယ်။ နောက်ပြီးတော့ ဒီလိုအဆိုတင်ပြီး မဲခွဲ ဆုံးဖြတ်မယ်ဆိုရင် ဒါဟာ မဲခွဲဆုံဖြတ်ရမယ့်ဟာ မဟုတ်ပါဘူး” ဟု တင်ပြ ပြောကြားသည်။ 

ယင်းကဲ့သို့ တပ်မတော်သား ကိုယ်စားလှယ် တင်ပြချိန်အတွင်း ပြည်ထောင်စုလွှတ်တော်နာယက နိဂုံးချုပ်ရန် သတိပေးခဲ့ခြင်း ပြုခဲ့သလို လွှတ်တော်ကိုယ်စားလှယ်၏ စကားလုံးအသုံးနှုန်းသည် လွှတ်တော်၏ ဂုဏ်သိက္ခာနှင့်ဆိုင်ပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်သည့်ဆိုသော အသုံးအနှုန်းကို လွှတ်တော်နာယက အနေဖြင့် လေးလေးနက်နက် ကန့်ကွက်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် အခွင့်အရေး ဆုံးရှုံးခြင်း မရှိအောင် မည်သို့ လုပ်ထုံးလုပ်နည်းဖြင့် လုပ်ဆောင်ရမည်ကို ကိုယ်စားလှယ်အနေဖြင့် သိပြီးဖြစ်ကြောင်း၊ အဆိုရှင်အနေဖြင့် ဥပဒေပြင်ဆင်ရေးအတွက် အားလုံး ပွင့်လင်းမြင်သာစွာ ပါဝင်ဆောင်ရွက်ရန် ဆောင်ရွက်နေသည့် အပိုင်းဖြစ်သည်ကို နားလည် သဘောပေါက်ရန် လိုကြောင်း၊ အဆိုပါအဖွဲ့ ဖွဲ့စည်းချိန်တွင်လည်း ကိုယ်စားလှယ်များ အားလုံး ပါဝင်ရမည် ဖြစ်ကြောင်းနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ တင်သွင်းချက်ကို လွှတ်တော်အနေဖြင့် လက်မခံကြောင်း ပြောကြားခဲ့သည်။

ထိုသို့ ပြည်ထောင်စု လွှတ်တော်နာယက၏ ပြောကြားမှုအပြီးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက မတ်တပ်ရပ်ကာ တစ်စုံတစ်ရာ ပြောကြားခြင်းများ ပြုလုပ်ခဲ့သော်လည်း မိုက်ခရိုဖုန်းအသံ ကြားရခြင်းမရှိဘဲ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားမှုပြုမည့်အချိန်တွင် နာယက က မိုက်ပေးရန် ပြောကြားခဲ့သည်။ 

“အခုအချိန်မှာ ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းနေတာ မဟုတ်ပါဘူး။ ကိုယ်စားလှယ် တစ်ဦးတစ်ယောက် နိုင်ငံရေးပါတီ တစ်စုတစ်ဖွဲ့ကနေပြီးတော့ တင်သွင်းမယ်ဆိုရင် ပြည်သူအများစုရဲ့ နိုင်ငံသားများ၊ တိုင်းရင်းသားများ အားလုံးရဲ့ ၂၁ရာစုပင်လုံ ညီလာခံရဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက်တွေနဲ့ သွေဖည်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်ထောင်စု လွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီ အားလုံး၊ တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့များ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့် ရှိအောင်လို့ အဆိုရှင်က တင်သွင်းခဲ့တဲ့အဆို ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါဟာ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်တဲ့ အတွက်ကြောင့်မို့လို့ နာယကကြီးအနေဖြင့် ပြည်ထောင်စု လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ဆက်လက်ရယူ ဆောင်ရွက်ပေးနိုင်ပါရန် လေးနက်စွာ တင်ပြအပ်ပါတယ်”ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။ 

ဒေါက်တာမြတ်ဉာဏစိုး၏ တင်ပြချက်အပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက တပ်မတော်သားများကို ထိုင်ပေးရန်နှင့် လွှတ်တော် စည်းကမ်းသေဝပ်မှုရှိရေးအတွက် နာယကအနေဖြင့် တင်ပြခြင်းဖြစ်ပြီး အဆိုဆွေးနွေးသည့် အချိန်တွင်လည်း ကိုယ်စားလှယ်များ အားလုံးအနေဖြင့် မိမိတို့၏ သဘောထား၊ အမြင်များကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ကြမည်ဖြစ်ကာ လွှတ်တော် စည်းကမ်းသေဝပ်ရန်အတွက် နာယက အနေဖြင့် တောင်းပန်လိုကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် တောင်းပန်လိုကြောင်း ပြောကြားခဲ့ရာ တပ်မတော်သားများက ပြန်ထိုင်ခဲ့သည်။ 

ယင်းအရေးကြီးအဆိုအား လက်ခံဆွေးနွေးရန် သင့်၊ မသင့် စက်ခလုတ် အသုံးပြု၍ ဆောင်ရွက်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၀၁ ဦးတွင် တပ်မတော်သား ကိုယ်စားလှယ်များက ဆန္ဒမဲပေးခြင်းမပြုဘဲ ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲ၊ ကြားနေမဲ သုံးမဲ ရရှိသဖြင့် ဆွေးနွေးရန် အတည်ပြုကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ကြေညာခဲ့ပြီးခဲ့ကြောင်း သိရသည်။ 

 


READ NEXT
Cancel OK