Top News

လက်ရှိအခြေအနေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လိုအပ်သည် ဟုယူဆ၍ ထည့်ထားခြင်းဖြစ်ပြီး မလိုအပ်တော့သည့် အချိန်တွင် ထွက်သွားမည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပြောကြား
24htopnews | August 16, 2024 5:12 AM CST

လက်ရှိအခြေအနေအရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လိုအပ်သည် ဟုယူဆ၍ ထည့်ထားခြင်းဖြစ်ပြီး မလိုအပ်တော့သည့် အချိန်တွင် ထွက်သွားမည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် အရေးကြီးအဆို ကိစ္စနှင့်ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ပြည်ထောင်စု လွှတ်တော်နာယကထံ ကန့်ကွက်စာ ပေးပို့ထားသည့် အခြေအနေနှင့် ပတ်သက်ပြီး သတင်းထောက်များအား ရှင်းလင်းပြောကြားချိန်တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ကိုယ့်နိုင်ငံအလိုက် ဆွဲကြတာပဲ။ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်အရ လုပ်ကြတာပဲ။ အင်ဒိုနီးရှားပေါ့။ အင်ဒိုနီးရှားမှာ တပ်မတော်ပါတယ်။ နောက်ဒီမိုကရေစီ အခြေခံခိုင်မာမှ တပ်မတော်က နောက်ထွက်သွားတယ်။ လက်ရှိအနေအထား အရတော့ ၂၅ ရာခိုင်နှုန်းထည့်ဖို့ လိုအပ်တယ် ယူဆလို့ ထည့်ထားတာ ဖြစ်ပါတယ်။ ၂၅ ရာခိုင်နှုန်းထည့်ဖို့ မလိုအပ်တော့ဘူးဆိုတဲ့ အချိန်မှာ တပ်မတော်က သူ့ဘာသာ ထွက်သွားမှာပါ” ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံအတွက် အရေးကြီးသည့်ဖရိန်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသာ ယိုင်နဲ့သွားပါက နိုင်ငံတည်တံ့ခိုင်မြဲမှု၊ နိုင်ငံ့အချုပ်အခြာ အာဏာများ ယိုင်နဲ့သွားမည်ဖြစ်ကာ ဖွဲ့စည်းပုံပြင်ဆင်မည် ဆိုပါက ခိုင်ခိုင်မာမာ စနစ်တကျဖြင့် အမျိုးသား အကျိုးစီးပွားကို စဉ်းစားကာ ပြင်သင့်၊ မပြင်သင့်ကို အားလုံးသဘောတူ ဆွေးနွေး၍ အတည်ပြုလုပ်မှသာ ကောင်းမည်ဖြစ်ကြောင်း၊ အချို့ကမ်ပိန်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြေခြေမြစ်မြစ် သေချာလေ့လာပြီး ကျွမ်းကျွမ်းကျင်ကျင် နားလည်၍ လက်မှတ်ထိုးကြခြင်းလား၊ ပြည်သူမည်မျှက လက်မှတ်ထိုးထားသည် ဆိုသည်ကို အတည်ယူရန်ခက်ကြောင်း ၎င်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်ကိစ္စကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီ ၂၉  ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သည်။

အဆိုပါ အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို ရယူရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံးက မတ်တတ်ရပ် ကန့်ကွက်ခဲ့သည်။

ထို့ပြင် အရေးကြီးအဆိုနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ပြည်ထောင်စု လွှတ်တော်နာယကထံ ကန့်ကွက်စာ ပေးပို့ထားသကဲ့သို့ အဆိုကို ဝင်ရောက် ဆွေးနွေးရန်အတွက် အမည်စာရင်း တင်ထားမှု မရှိကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားထားသည်။

အဆိုပါ အရေးကြီးအဆိုကို ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၀ ကျော်ခန့် အမည်စာရင်း တင်သွင်းထားပြီး လာမည့်အပတ်အတွင်း ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ဖေဖော်ဝါရီ ၅ ရက် (အင်္ဂါနေ့) တွင် ကျင်းပမည် ဖြစ်သည်။                                                 


READ NEXT
Cancel OK