Top News

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် တစ်တပ်တစ်အား ပါဝင်နိုင်ရန်အတွက် ပါတီထောင်ရန် စဉ်းစားဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား
24htopnews | August 16, 2024 5:12 AM CST

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံနှင့် ပြည်သူ့အတွက် တစ်တပ်တစ်အား ပါဝင်နိုင်ရန်အတွက် နိုင်ငံရေးပါတီ ထူထောင်ရန် စဉ်းစားဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း  သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် လွှတ်တော်များ၏ သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား အပြီးတွင် နိုင်ငံရေးပါတီ ထူထောင်ရန် ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် သူရဦးရွှေမန်းက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက “နိုင်ငံအတွက်၊ ပြည်သူ့အတွက် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့နေရာမှာ တစ်တပ်တစ်အား ပါဝင်နိုင်ဖို့အတွက် ပါတီထောင်ဖို့ စဉ်းစားဆုံးဖြတ် ဆောင်ရွက်ခဲ့တာပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

လက်ရှိတွင် သူရဦးရွှေမန်း အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရနှင့် လွှတ်တော်လက်ထက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌတာဝန် ယူထားသူဖြစ်သည်။

နိုင်ငံရေးပါတီ အသစ်ကို ပြည်ထောင်စုပါတီ၊ ပြည်သူ့အရေးပါတီ၊ အမျိုးသား အကျိုးစီးပွားပါတီ၊ နိုင်ငံသားအရေးပါတီ စသည်ဖြင့် နာမည်ပေးရန် လျာထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထံ နိုင်ငံရေးပါတီသစ်အဖြစ် ပါတီမှတ်ပုံတင်ခွင့် ရရှိရန်အတွက် မကြာမီတွင် လျှောက်ထားမည်ဟု နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး အဖွဲ့ဝင် ၁၉ ဦးတွင် ပါဝင်သည့် ဦးဝင်းဦးက ပြောကြားထားသည်။

တပ်မတော်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့သည့် သူရဦးရွှေမန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အနိုင်ရရှိခဲ့ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ပြီး NLD လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိနေသူဖြစ်ကြောင်း သိရသည်။                     

 


READ NEXT
Cancel OK