Top News

NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်
24htopnews | August 13, 2024 12:12 AM CST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ကြောင်း တရားရုံးအသိုင်းအဝိုင်းမှ သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်တရားရုံးတွင် အောက်တိုဘာ ၂၉ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုထားခြင်းသည် ပြည်သူသို့ ပန်ကြားချက်ဆိုသည့်စာ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင်၊ အကြည်ညိုပျက်အောင် လှုံ့ဆော်ခြင်းနှင့် ရေးသားပုတ်ခပ်မှုများကြောင့်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူပြီးနောက် ဖမ်းဆီးထိန်းသိမ်း၍ တရားစွဲဆိုခြင်းခံထားရသည့် NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုတို့သည် ထောင်ဒဏ်ချမှတ်ခံထားရပြီး ယခုထပ်မံ၍ NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ထောင်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ ဇူလိုင် ၁၆ ရက် ရုံးချိန်းတွင် စွဲချက်တင် အမိန့်ချမှတ်ချိန်၌ ဦးဝင်းထိန်က ၎င်းအနေဖြင့် နိုင်ငံတော်အာဏာကို ရယူထားသည့် ပါတီကြီးတစ်ခု၏ သဘာပတိအနေဖြင့် ရုတ်တရက် ပေါ်ပေါက်လာသည့် နိုင်ငံရေးအခြေအနေပေါ်တွင် မိမိ၌တာဝန်ရှိသည်ဟု ယူဆပြီး ပြောသင့်ပြောထိုက်သည့် စကားများကို ပြောခဲ့ခြင်း၊ မိမိတို့ပါတီ၏ သဘောထားကို ပါတီဝင်များနှင့် မဲဆန္ဒရှင်များသိစေရန် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည့်အတွက် အပြစ်မရှိဟု ထွက်ဆိုထားကြောင်း သိရသည်။


READ NEXT
Cancel OK