Top News

ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းသည် ပြည်သူများက ရွေးချယ် ဆောင်ရွက်ထားသည့် နိုင်ငံရေးလမ်းကြောင်း ဖြစ်သဖြင့် စည်းကမ်းရှိသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
24htopnews | August 13, 2024 12:12 AM CST

ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းသည် ပြည်သူများက ရွေးချယ် ဆောင်ရွက်ထားသည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သဖြင့် စည်းကမ်းရှိသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာ ၃၁ ရက်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံရာ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်ကြောင့် တုံ့ဆိုင်းခဲ့ရသည့် နိုင်ငံ့ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးအတွက်လည်း အနုပညာရှင်များအနေဖြင့် ၀ိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်မှ ပေးအပ်ထားသည့် ကတိအတိုင်း ရှေ့လုပ်ငန်းများနှင့် ဦးတည်ချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးချိန်တွင် မိမိတို့နိုင်ငံ၏ လမ်းကြောင်းအား ပြန်လည် တည့်မတ်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းသည် ပြည်သူများက ရွေးချယ် ဆောင်ရွက်ထားသည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သဖြင့် စည်းကမ်းရှိသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် State Building ၊ Nation Building များ တည်ဆောက်ရာတွင် အနုပညာရှင်များ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ စာပေမှ တိုက်တွန်းချက်များ လုပ်ဆောင်ချက်များ များစွာဆောင်ရွက်၍ ရကြောင်း၊ စာဖတ်ခြင်းမှ သိရှိရသည့် အသိပညာများမှ ဖြန့်ဝေခံစား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ဂီတကဏ္ဍသည်လည်း လူတစ်ဦး ကလေးငယ်မှစ၍ သားချော့တေးမှ စတင်ပြီး ကလေးငယ်၏စိတ်ကို ဂီတဖြင့် ပြုပြင်သွားခြင်းပင် ဖြစ်ကြောင်း၊ ဂီတသည် လူများ၏ Mind Set ကို ပြုပြင်ပေးနိုင်သကဲ့သို့ နိုင်ငံကို ဖျက်ဆီးနိုင်မှုများလည်း ရှိကြောင်း၊ ရုပ်ရှင်ကဏ္ဍသည်လည်း လူများ၏ စိတ်ကို ပြောင်းလဲနိုင်ကြောင်း၊ သဘင်ကဏ္ဍသည် ယဉ်ကျေးမှုနှင့် ပတ်သက်၍ ထိန်းသိမ်းပေးသည့် ပညာရပ်ဖြစ်သဖြင့် အရေးကြီးကြောင်း၊ ထို့ကြောင့် အနုပညာ အဖွဲ့အစည်းများသည် နိုင်ငံအတွက် အရေးပါသည့် အဖွဲ့အစည်းများပင် ဖြစ်ကြောင်း ၎င်းကေ ပြာကြားသည်။

ထို့အတူ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများတွင် အချို့အနေဖြင့် စိတ်ခံစားမှုနှင့် လှုံ့ဆော်မှုများကြောင့် မှားယွင်းမှုများ ရှိခဲ့သော်လည်း မိမိအနေဖြင့် ခွင့်လွှတ်ပေးပြီး အရေးယူထားသူများအား ပြန်လွှတ်ပေးခဲ့ကြောင်း၊ အနုပညာနှင့် ပတ်သက်၍ ဆောင်ရွက်နေချိန်တွင် မိမိကိုယ်တိုင် ကောင်းရန်နှင့် ပတ်ဝန်းကျင် ကောင်းရန်အတွက် ရည်ရွယ် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံကောင်းစေရန်အတွက် အနုပညာရှင်များအနေဖြင့် ၀ိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း၊  မိမိတို့ ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ပြည်သူလူထုအတွက် အကျိုးရှိစေနိုင်သည့် လုပ်ငန်းရပ်များ ဖြစ်ရန်လိုပြီး နိုင်ငံအား ထိခိုက်မှု ဖြစ်စေနိုင်သည့် လှုံ့ဆော်မှုမျိုး မဖြစ်ရန် လိုကြောင်း၊ မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် စည်းမျဉ်းစဉ်းကမ်းများကို လိုက်နာကြရန်လိုကြောင်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ်ရှိပါက အားလုံးကို ရင်ဆိုင် ဖြတ်ကျော်နိုင်ကြောင်း၊ ၂၀၁၈ ခုနှစ်မှ စတင်၍ ကျဆင်းခဲ့သည့် နိုင်ငံ၏ စီးပွားရေး ပြန်လည် ဦးမော့လာစေရန်အတွက် မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံ တစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား ပြည်ပသို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ ပညာရေး မြှင့်တင်မှုများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာမှ ဖောက်ထွက်၍ ဆောင်ရွက်နိုင်မည်ဆိုပါက အခြေခံကောင်းများရှိသည့် မိမိတို့နိုင်ငံသည် လေး ၊ ငါးနှစ်အတွင်း အာဆီယံနိုင်ငံများထဲ၌ အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်သကဲ့သို့ ၁၀ နှစ်ခန့်အတွင်း ထိပ်တန်းနိုင်ငံအဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် အရေးကြီးဆုံး လိုအပ်ချက်မှာ ပြည်တွင်းရှိ အဖွဲ့အစည်းအားလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။       

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရပ်ဝန်း အသီးသီးအတွက် ရံပုံငွေ ကျပ်သိန်း ၄၀၀၀၊ ဆန်အိတ် ၁၀၀ ၊ ဆီပိဿာ ၅၀၀ နှင့် ပဲပိဿာ ၃၀၀ တို့အား ပေးအပ်ခဲ့ပြီး စာပေနှင့် စာနယ်ဇင်းကဏ္ဍမှ အနုပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်၊ တွဲဘက်အတွင်းရေးမှူး ဦးမျိုးထွန်း (မောင်စိမ်းနောင် (လယ်ဝေး) ) တို့က လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်ကဏ္ဍမှ အနုပညာရှင်များကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ အတွင်းရေးမှူး ဦးဇော်မြင့်ဦးတို့က လည်းကောင်း၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များကိုယ်စား မြန်မာနိုင်ငံ သဘင်အစည်းအရုံး အမှုဆောင် ဦးဌေးလွင်နှင့် တာဝန်ရှိသူ တစ်ဦးက လည်းကောင်း၊ မြန်မာနိုင်ငံ ဂီတပညာရှင်များကိုယ်စား မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) မှ ယာယီအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူတစ်ဦးတို့က လည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK