Top News

မှတ်ပုံတင်မပါဘဲ မဲစာရင်းတွင်ပါလာက ပြောစရာဖြစ်မည်ဖြစ်၍ လူဦးရေလေးသန်းကျော်အား မှတ်ပုံတင်စီမံချက်ဖြင့် လုပ်ပေးနေပြီး အချိန်အနည်းဆုံး ၁၈ လကြာမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
24htopnews | August 7, 2024 1:12 PM CST

မှတ်ပုံတင်မပါဘဲ မဲစာရင်းတွင်ပါလာက ပြောစရာဖြစ်မည်ဖြစ်၍ လူဦးရေလေးသန်းကျော်အား မှတ်ပုံတင် စီမံချက်ဖြင့်လုပ်ပေးနေပြီး အချိန်အနည်းဆုံး ၁၈ လကြာမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ Politic Magazine နှင့် အင်တာဗျူးတွင် မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာထားမှုနှင့် ရွေးကောက်ပွဲပြန်လည်ကျင်းပမည့် အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းမှု၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အင်တာဗျူးကို Politic Magazine က သြဂုတ် ၂၆ ရက်တွင် ဖော်ပြခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်သည်။

အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွင် လုပ်ဆောင်စရာရှိသည်များ လုပ်ဆောင်ပြီးပါက ရွေးကောက်ပွဲကျင်းပရမည်ဖြစ်ကြောင်း၊ သို့သော် ပြီးရမည့်အချိန်သည် အချိန် အကန့်အသတ်ရှိကြောင်း၊ တစ်နှစ်အတွင်း ပြီးအောင်ကြိုးစားရမည်ဖြစ်ကြောင်း၊ မပြီးပါက နောက်ထပ်ခြောက်လနှစ်ခါ တိုးခွင့်ရကြောင်းနှင့် ယင်းနောက်ရွေးကောက်ပွဲ လုပ်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွေအားလုံးကိုစိစစ်ပြီးပါပြီ။ မဲမသမာမှုပေါင်း ၁၁ သန်းကျော်ရှိတာကို ခိုင်လုံစွာတွေ့ရပါတယ်။ အဲဒီလူတွေကို ကျွန်တော်တို့စစ်ဆေးတဲ့အခါမှာ လေးသန်းကျော် လောက်က မှတ်ပုံတင်ပေးဖို့ အရေးတကြီးလိုနေပါတယ်။ ဒါကြောင့် စီမံချက်နဲ့မှတ်ပုံတင်တွေ လုပ်ပေးနေပါတယ်။ ဒီလုပ်ငန်းစဉ်ကိုက ၁၈ လလောက်ကြာမယ်လို့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ခန့်မှန်းပါတယ်။ ၁၈ လ ကြာမယ်ဆိုတော့ ဒါကသတ်မှတ်တစ်နေ့ကို လူ ၃၀၀ လုပ်ရမယ်။ အဲ ၃၀၀ လုံး မှန်မှန်ကန်ကန် လုပ်မှ ၁၈ လနဲ့ပြီးမှာ။  တကယ်လို့အဲဒီလို အရေအတွက်အတိုင်းမလာဘူးဆိုရင် ဒီထက် ပိုကြာဖို့ပဲရှိတော့တာ။ ကျွန်တော်တို့က မဲစာရင်းမှားတာ၊ မှတ်ပုံတင်မပါဘဲနဲ့မဲစာရင်းတွေ ထည့်တဲ့အတွက်ကြောင့် မှားတာကို ထောက်ပြထားတာ။ အဲဒီတော့ လာမယ့်ရွေးကောက်ပွဲ အသစ်လုပ်လို့ရှိရင် မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းထဲမှာ ပါလာလို့ရှိရင် ကျွန်တော်တို့ ပြောစရာဖြစ်လာမယ်။ ဒါကြောင့် မဲစာရင်းမှန်ကန်မှုကို အဓိကဖြစ်စေတဲ့ မှတ်ပုံတင်ကမရှိမဖြစ် ကျွန်တော်တို့ပေးရမယ့် လုပ်ငန်းတစ်ရပ်ဖြစ်တယ်။ ဒီလုပ်ငန်းပြီးမှ ကျွန်တော်တို့က ရွေး ကောက်ပွဲကို စာရင်းဇယားမှန်မှန်နဲ့ ရွေးကောက်ပွဲတစ်ခုလုပ်လို့ရမယ်။ ဒီဟာကို ကျွန်တော်တို့အချိန်တစ်ခုပေးရလိမ့်မယ်။ ဒါ ကြောင့် ၂ နှစ်လည်း ဖြစ်ရင်ဖြစ်သွားမယ်လို့ ကျွန်တော်ပြောတာ။ နောက်တစ်ခုရှိသေးတယ်။ အဲဒါကဘာလဲဆိုတော့ ကျွန်တော်တို့ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဆိုတာရှိတယ်။ ဒီဥပဒေဟာ နိုင်ငံသားပေးရမယ့် ပုဂ္ဂိုလ်တွေစိစစ်ပေးဖို့။ ဒါတွေလည်း ဒီမဲပေးတဲ့ကာလအတွင်းမှာ မကြာရအောင်လုပ်ဖို့ ဆိုပြီးတော့ တာဝန်တစ်ခုရှိတယ်။ ဒါလည်း ကျွန်တော်တို့ သက်ဆိုင်ရာတွေနဲ့ ဆွေးနွေးပြီးတော့ ဆောင်ရွက်နေတာလည်းရှိတယ်။ ဒါလည်း နှောင့်နှေးနေလို့မရဘူး။ နှောင့်နှေးမယ်ဆိုရင်လည်း ဒါတွေဟာ ကျန်ခဲ့တယ်ဆိုရင်လည်း အဲဒီမှာ ပြဿနာတစ်ခုက လာလိမ့်မယ်။ ဒါလည်း ဖြေရှင်းဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့ ကျွန်တော် ပြောချင်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြောင်းလဲခြင်း ရှိမရှိကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် ဆွေးနွေးနေကြောင်း၊ သို့သော် ပါတီစုံဒီမိုကရေစီစနစ်မှ မည်သည့်အခါမျှ သွေဖည်သွားမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ့တပ်မတော်၏သမိုင်းသည် နိုင်ငံတော်သမိုင်းနှင့် ဆက်စပ်လျက်ရှိပြီး ခွဲပြော၍မရကြောင်း၊ တပ်မတော်သည် ပြည်သူလူထုနှင့်ပူးပေါင်းပြီး နိုင်ငံ၏လွတ်လပ်ရေးကို ရအောင်ယူပေးခဲ့ကြောင်း၊  လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ပြည်တွင်း သောင်းကျန်းမှုကို နှိမ်နင်းပေးပြီး နိုင်ငံ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲစေခဲ့ကြောင်း၊ ထို့ကြောင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်  တပ်မတော်၏ အခန်းကဏ္ဍကို အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍနေရာတွင် ထားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူ တပ်မတော်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည် တံ့ခိုင်မြဲရေးစသည့် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားများကို ကာကွယ်ရန်၊ ပါတီစုံ ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန် အဓိက တာဝန်ရှိကြောင်း အခြေခံဥပဒေတွင် တာဝန်အပ်နှှင်းထားကြောင်း၊ ယင်း တာဝန်များကို အလေးအနက်ထား ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူများ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က လမ်း ခင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစနစ်မှ မည်သည့်အခါမျှ ရှောင်လွှဲသွားမည်မဟုတ်ကြောင်း မဟုတ်ဘူးဟု အာမခံကြောင်း၊ ယခု အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံ့တာဝန်ကို ရယူထားရကြောင်းနှင့် အခြေခံဥပဒေတွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များရှိပြီး ယင်းအတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။


READ NEXT
Cancel OK