Top News

နိုင်ငံရေးပါတီနှစ်ခုအား ပူးပေါင်းစာရင်းစစ်အဖွဲ့က စတင်စစ်ဆေးခဲ့ရာတွင် အချက်အလက်မပြည့်စုံသဖြင့် အချိန်ကြန့်ကြာခဲ့သောကြောင့် ကျန်နိုင်ငံရေးပါတီများ စနစ်တကျ ပြင်ဆင်ထားရန် UEC က ထပ်မံအကြောင်းကြား
24htopnews | August 5, 2024 8:12 PM CST

နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းစာရင်းစစ်အဖွဲ့က စစ်ဆေးရာတွင် အသင့် တင်ပြစစ်ဆေးခံနိုင်ရန်အတွက် နိုင်ငံရေးပါတီများနှင့်သက်ဆိုင်သည့် အချက်အလက်များကို စနစ်တကျ ပြင်ဆင်ထားကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က သြဂုတ် ၂၇ ရက် ရက်စွဲဖြင့် ထပ်မံအကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၈၊ ၂၃ တို့နှင့် အညီ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ပူးပေါင်းစာရင်းစစ်အဖွဲ့ နှစ်ဖွဲ့ဖြင့် နိုင်ငံရေးပါတီများနှင့် သက်ဆိုင်သည့် စာရင်းအချက်အလက်များကို စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါအကြောင်းကြားစာတွင် ဖော်ပြထားသည်။

အဆိုပါ ပူးပေါင်းစာရင်းစစ်အဖွဲ့သည် သြဂုတ် ၂၃ ရက်တွင် နေပြည်တော်အခြေစိုက် နှစ်နိုင်ငံရေးပါတီနှစ်ခုအား စတင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာတွင် ပါရှိသည်။

စာရင်းစစ်အဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါနိုင်ငံရေးပါတီများအနေဖြင့် ရည်ညွှန်းစာပါ ပြုစုထားရှိရမည့် စာရင်းခေါင်းစဉ်များအလိုက် စာရင်းဇယား၊ စာအုပ်စာတမ်း၊ အချက်အလက်များ စနစ်တကျ ပြည့်စုံမှန်ကန်စွာပြုစုထားမှုမရှိခြင်း၊ လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ အသင့် တင်ပြစစ်ဆေးခံနိုင်မှု မရှိခြင်းများကြောင့် မလိုအပ်ဘဲ အချိန်ကုန်ဆုံးမှုများ ရှိခဲ့ရပြီး စာရင်းစစ်လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပူးပေါင်းစာရင်းစစ်အဖွဲ့များထံ စာရင်းစစ်ဆေးခံကြရာတွင် နိုင်ငံရေးပါတီများအနေဖြင့် တစ်ပြေးညီ စနစ်တကျ ရှိစေရေးအတွက် အချက်အလက်များကို ကြိုတင်ပြင်ဆင်ထားရှိသွားကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများထံ ပေးပို့သည့် အကြောင်းကြားစာ ဖော်ပြထားသည်။

နိုင်ငံရေးပါတီများက အသင့်ကြိုတင်ပြင်ဆင်ထားရှိရမည့် စာရင်းအချက်အလက်များတွင် ပါတီဖွဲ့စည်းပုံ အင်အားစာရင်း၊ ပါတီဝင်ကြေးကောက်ခံစုစည်းရရှိမှုစာရင်း၊ ပါတီလစဉ်ကြေး ကောက်ခံစုစည်းရရှိမှုစာရင်း၊ ပြည်တွင်းအလှူရှင်များလှူဒါန်းသည့် ငွေကြေးစာရင်းနှင့် ပြည်တွင်းအလှူရှင်များ လှူဒါန်းသည့် ပစ္စည်းစာရင်းများ ပါဝင်သည်။

ပါတီပိုင်စီးပွားရေးလုပ်ငန်းများစာရင်း၊ ပါတီပိုင်စီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေစာရင်းများ၊ ပါတီစည်းမျဉ်း၊ ပါတီစည်းရုံးရေးအတွက် အသုံးစရိတ်၊ ပါတီရန်ပုံငွေ ငွေစာရင်း စာအုပ်၊ ပါတီရငွေ၊ သုံးငွေ၊ ငွေစာရင်းစာအုပ်၊ ပါတီက ဝယ်ယူထားသော ပစ္စည်းများစာရင်း မှတ်တမ်းစာအုပ်၊ ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ အသုံးစရိတ်တို့ကို စနစ်တကျ ပြင်ဆင်ထားရှိရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာတွင် ပါရှိသည်။

ထို့ပြင် နိုင်ငံရေးပါတီများက အသင့်ကြိုတင် ပြင်ဆင်ထားရှိရမည့် စာရင်းအချက်အလက်များတွင် ပါတီ၏နှစ်စဉ်ငွေစာရင်း ရှင်းတမ်း(ဘဏ္ဍာရေးနှစ်အလိုက်)၊ ပါတီ ပိုင်ပစ္စည်းနှစ်ချုပ်စာရင်း၊ ပါတီတွင်း စာရင်း စစ်ကော်မတီထားရှိစစ်ဆေးခြင်း၊ ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် သုံးစွဲငွေစာရင်း၊ ရွေးကောက်ပွဲ အထွေထွေအသုံးစရိတ်၊ ပါတီ၏ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် ဘဏ်စာရင်း ဖွင့်လှစ်ထားသည့် ငွေစာရင်းများလည်း ပါဝင်သည်။ 

သြဂုတ် ၂၃ ရက်တွင် ပူးပေါင်းစာရင်းစစ်အဖွဲ့က စစ်ဆေးခဲ့သော နိုင်ငံရေးပါတီနှစ်ခုမှာ အမျိုးသားညီညွတ်သော ဒီမိုကရစ်တစ်ပါတီ (NUD) နှင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (NDP) တို့ဖြစ်ပြီး ယနေ့ (သြဂုတ် ၃၁ ရက်) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) တို့ကို စာရင်းစစ်ဆေးခံယူရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားထားကြောင်း သိရသည်။


READ NEXT
Cancel OK