Top News

အရပ်သားအစိုးရလက်အောက်တွင် လုံခြုံရေးတပ်ဖွဲ့အားလုံး ရှိရမည်ဆိုသည့် အခြေခံမူမရရှိဘဲ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး လုပ်ဆောင်၍ရမည်မဟုတ်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း ပြောကြား
24htopnews | July 31, 2024 5:12 PM CST

ဒီမိုကရေစီစနစ််အရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရလက်အောက်တွင် လုံခြုံရေးတပ်ဖွဲ့အားလုံး ရှိရမည်ဆိုသည့် အခြေခံမူမရရှိဘဲ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်ချုပ်ငြိမ်းရေးလုပ်ငန်းအား ဆက်လက်လုပ်ဆောင်၍ ရမည်မဟုတ်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောကြားသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်းနှင့် အင်တာဗျူးကို NCA-SEAO Facebook Page က ဇန်နဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ အင်တာဗျူးတွင် ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဒီမိုကရေစီစနစ်အရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သား အစိုးရလက်အောက်မှာ လုံခြုံရေးတပ်ဖွဲ့အား လုံးရှိရမယ်ဆိုတဲ့ အခြေခံမူမရဘဲနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ အနှစ် ၇၀ ကျော်ပြီဖြစ်တဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးလုပ်ငန်းကို ကျွန်တော်တို့ ဆက်လုပ်လို့ရမှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

နှစ်ပေါင်း ၇၀ ကျော်နေပြီဖြစ်သော ပြည်တွင်းစစ်ချုပ်ငြိမ်းရေးကိစ္စကို ဆောင်ရွက်လိုပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါသည့်အတိုင်း လက်နက်ကိုင်တပ်ဖွဲ့များ ဖြုတ်သိမ်းခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း (DDR/ SSR) ကို မလွဲမသွေ ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ DDR/SSR မလုပ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်၍ရမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

“ DDR ဆိုတာ ကျွန်တော်တို့ တိုင်းရင်းသားဘက်က ဆောင်ရွက်ဖို့ ဖြစ်တယ်။ SSR ဆိုတာ အစိုးရဘက်က ဆောင်ရွက်ဖို့ ဖြစ်တယ်။ ဒီလုပ်ငန်းစဉ်နှစ်ခုကို ဆောင်ရွက်ဖို့အတွက် အခြေခံလိုအပ်ချက်က အရပ်သား အစိုးရလက်အောက်မှာ လုံခြုံရေးတပ်ဖွဲ့ အားလုံးရှိရမယ်ဆိုတဲ့ အခြေခံကို ကျွန်တော်တို့ ပထမရယူဖို့ လိုပါတယ်။ အဲဒီအခြေခံမူကို ရယူနိုင်မှပဲ DDR/SSR ဆိုတာကို ကျွန်တော်တို့ လုပ်လို့ရမှာဖြစ်တယ်” ဟု ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောကြားသည်။

ထို့ကြောင့် လက်နက်ကိုင်တပ်ဖွဲ့များ အားလုံး အရပ်သားအစိုးရလက်အောက်တွင် ရှိရေးဆိုသည့် အချက်နှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်သည့် ကဏ္ဍကြီးငါးခုအနက် လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲများမှရယူရန် သို့မဟုတ် ဒီမိုကရေစီ အခြေခံမူများအောက်မှ ရယူရန် ကြိုးစားနေကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဒီမိုကရေစီအခွင့်အရေးဟု ပြောလိုက်လျှင် လူအတော်များများ နားလည်သည်မှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ စုဝေးခွင့် သို့မဟုတ် ရွေးကောက်ပွဲ ကျင်းပ၍ မဲပေးပိုင်ခွင့်များကို မြင်မည်ဖြစ်သော်လည်း ဒီမိုကရေစီ၏ တကယ့်အနှစ်သာရမှာ အရပ်သားအစိုးရ လက်အောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးရှိရေးဆိုသည့် အချက်ပင်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အရေးကြီးလုပ်ငန်းစဉ်နှစ်ခုရှိပြီး အဆိုပါလုပ်ငန်းစဉ်နှစ်ခုမှာ စစ်မှန်သော ဖက်ဒရယ်စနစ်နှင့် စစ်မှန်သော ဒီမိုကရေစီစနစ်ဖြစ်ကာ စစ်မှန်သောဖက်ဒရယ်စနစ်တွင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရှိရမည်ဟု ၎င်းက ဆိုသည်။


READ NEXT
Cancel OK