Top News

ပုဂ္ဂလိကလုပ်ရမည့်အလုပ်များကို အစိုးရကိုယ်တိုင်ချေးငွေနှင့် ဝင်လုပ်နေခြင်းသည် စီးပွားရေး Sector တွင် ပုဂ္ဂလိကကဏ္ဍ မည်သို့မျှ တိုးတက်လာမည်မဟုတ်ကြောင်း NLD ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဝေဖန်
24htopnews | July 31, 2024 5:12 PM CST

ပုဂ္ဂလိကလုပ်ရမည့်အလုပ်များကို အစိုးရကိုယ်တိုင် ချေးငွေနှင့် ဝင်လုပ်နေခြင်းသည် စီးပွားရေး Sector တွင် ပုဂ္ဂလိကကဏ္ဍ မည်သို့မျှ တိုးတက်လာမည်မဟုတ်ကြောင်း NLD ပါတီဝင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ) က ဝေဖန်ပြောကြားသည်။

ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပိုလန်နိုင်ငံအစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒီမှာ အရေးကြီးဆုံးအချက်က ကျွန်တော်ပြောလိုတဲ့အချက်က အစိုးရက ပုဂ္ဂလိကလုပ်ရမယ့် အလုပ်တွေကို အစိုးရကိုယ်တိုင် ချေးငွေနဲ့ဝင်လုပ်နေသရွေ့ စီးပွားရေး Sector မှာ ပုဂ္ဂလိကကဏ္ဍက ဘယ်လိုမှကို တက်လာစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့က အဲဒီ Concert ကနေ ဖောက်ထွက်ဖို့လိုပါတယ်။ ဒီအယူအဆကနေ ကျွန်တော်တို့နိုင်ငံဟာ ဖောက်ထွက်မှသာ ဖြစ်မှာပါ။ တစ်ဖက်က ဘာဖြစ်လို့ အစိုးရက ပုဂ္ဂလိကလုပ်ရမယ့် အလုပ်တွေကို ဝင်လုပ်ရတာလဲဆိုတာ ကျွန်တော်စိုးရိမ်တဲ့အချက်က ကျွန်တော်တို့နိုင်ငံကို တိုင်းတဲ့ ပေတံတွေ အများကြီးရှိပြီးသား။ Good Govemance ပြဿနာ၊ ကျွန်တော်တို့နိုင်ငံမှာ ပြဿနာ အကြီးကြီး ရှိပါတယ်” ဟု ဦးသန်းစိုးက ပြောကြားသည်။ 

၂၀၁၇-၂၀၁၈ အစီရင်ခံစာအရ လက်ရှိအစိုးရလက်ထက်တွင် ချေးငွေပမာဏ ၃ ဒသမ ၈ ဘီလျံ ရရှိခဲ့သော်လည်း သုံးစွဲရသည့် ပမာဏသည် ၉၁ မီလျံ (တစ်ရာခိုင်နှုန်း) ခန့်သာ ရှိသေးကြောင်း၊ ချေးငွေနှင့်ပတ်သက်ပြီး ချေးငွေအများစု၏ လုပ်ငန်းစဉ်အားလုံးသည် နှောင့်နှေးကြန့်ကြာသည် ဖြစ်စဉ်များကို ကြုံတွေ့နေရခြင်း၊ အစိုးရက ပုဂ္ဂလိက ဝင်လုပ်ရမည့် အပိုင်းများကို ဝင်လုပ်ခြင်း၊ ချေးငွေများ နှောင့်နှေးကြန့်ကြာသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး Special Test Force ဆောင်ရွက်၍ လုပ်သင့်ကြောင်း ၎င်းက ဆိုသည်။

“ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ၃ ဒဿမ ၈ ဘီလျံမှာ တစ်ဘီလျံတောင် မသုံးနိုင်သေးဘူး။ ၉၁ မီလျံပဲ သုံးနိုင်တယ်ဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကို နှိုးဆွမယ့်နေရာမှာ ဒီ Infrastructure တွေကို အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးနေတာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့အတိုးဟာ ၂၀၁၇-၂၀၁၈ မှာ ၆၉၉ သန်း ရှိပါတယ်။ အတိုးရော အရင်းရော ပေါင်းထားတဲ့ဟာ။ နောက် ၁၈-၁၉ မှာ သန်း ၇၀၀၊ ၁၉-၂၀ မှာ သန်း ၉၀၀၊ ၂၀-၂၁ မှာ သန်း ၉၀၀၊ ၂၂-၂၃ မှာ တစ်ဘီလျံ  အတိုးရော အရင်းရော ပေးရဦးမှာပါ” ဟု ဦးသန်းစိုးက ပြောကြားသည်။

စီးပွားရေးကို နှိုးဆွရမည့် Project များ နှောင့်နှေးနေသည့်အတွက် စီးပွားရေးမတိုးတက်ပါက တစ်ဖက်တွင် အတိုးများ တက်နေခြင်းကြောင့် ယင်းဒဏ်သည် ကြီးမားကြောင်း၊ လက်ရှိကာလတွင် အကြွေးဆပ်နေရသည့် ၆၉၈ သန်းသည် မိမိတို့နိုင်ငံ၏ တစ်နှစ်လျှင် ဆန်တင်ပို့မှုမှရရှိသည့် ဝင်ငွေနှင့် ထပ်တူဖြစ်နေကြောင်း ၎င်းက ဆွေးနွေးသည်။

“ ဒါကြောင့်မို့လို့ ချေးငွေတွေကို ပထမဆုံးလုပ်ရမယ့် အလုပ်ကတော့ နှောင့်နှေးကြန့်ကြာတဲ့ကိစ္စတွေကို ဘယ်လို သီးခြား Test Board ဖွဲ့ပြီးတော့ ဆောင်ရွက်မလဲဆိုတာ ဒီချက်နှစ်ချက်ကို ကြည့်တာနဲ့တင်ကို ထင်ထင်ရှားရှား မြင်နေရမှာဖြစ်ပါတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ ၈၈ ကနေ ၂၀၁၁ အထိက တရုတ်ချေးငွေ အများဆုံးဖြစ်ပါတယ်။ သူက ၉၇ ရာခိုင်နှုန်း အတိုးနှုန်းက လေးရာခိုင်နှုန်းမှာ ရှိပါတယ်။ ခုနက သန်းပေါင်း ၇၀၀ နီးနီးရဲ့ ၉၇ ရာခိုင်နှုန်းက တရုတ်ချေးငွေတွေ ဖြစ်နေပါတယ်။ ဒီဘက် ၂၀၁၁-၁၂ မှာ ဂျပန်၊ အထူးသဖြင့် JICA ချေးငွေတွေဖြစ်ပါတယ်။ သူတို့ရဲ့ အတိုးနှုန်းက ၀ ဒသမ ၀၁ မှာပဲ ရှိပါတယ်။ အဲဒီတော့ ၂၀၁၁ ကတည်းက ချေးလာခဲ့တဲ့ ချေးငွေတွေအတွက် ပြန်ပေးဆပ်ရမယ့် ကာလတော့ မရောက်သေးပါဘူး။ ဒါပေမဲ့ အရင်ခေတ်က ၂၀၁၁ မတိုင်က ချေးထားတဲ့ အကြွေးတွေအတွက် ကျွန်တော်တို့ ပေးဆပ်နေရတဲ့ ကာလဖြစ်နေပါတယ်” ဟု ဦးသန်းစိုးက ပြောကြားသည်။

တရုတ်ချေးငွေသည် ၂၀၁၅-၂၀၁၆ တွင် ၁၈၃ မီလျံ၊ ၂၀၁၆-၁၇ တွင် ၄၂၇ မီလျံ၊ ၂၀၁၇-၂၀၁၈ တွင် သန်း ၅၅၀ အတိုးနှင့် အရင်း ဆပ်နေရပြီး ယင်းပမာဏသည် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း ၎င်းက ဆိုသည်။


READ NEXT
Cancel OK