Top News

တပ်မတော်ကထုတ်ပြန်သည့် ကရင်ပြည်နယ်အတွင်း မဲမသမာမှုဖြစ်စေနိုင်သည့် မဲစာရင်းများနှင့်ပတ်သက်၍ တာဝန်ရှိအဖွဲ့အစည်းများက ရှင်းလင်းပေးရန် KNDP ပါတီ တောင်းဆို
24htopnews | July 30, 2024 3:12 PM CST

တပ်မတော်ကထုတ်ပြန်သည့် ကရင်ပြည်နယ်အတွင်း မဲမသမာမှုဖြစ်စေနိုင်သည်ဆိုသော မဲစာရင်းများနှင့်ပတ်သက်၍ တာဝန်ရှိအဖွဲ့အစည်းများမှ ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP က ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်တောင်းဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ချက်တွင် ကရင်ပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့နယ် မဲမသမာမှုဖြစ်စေနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှုဖြစ်စေနိုင်သည့် အခြားမဲစာရင်း စုစုပေါင်း ၃၇၀၀၀၀ ကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ၂၂ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်သည်။

ထိုသို့ တပ်မတော်၏ မဲစာရင်းစိစစ်ချက်များ တွေ့ရှိမှုများအရ ကရင်ပြည်နယ်အတွင်း မဲမသမာမှုဖြစ်စေနိုင်သည့် မဲစာရင်းများမှာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များထက် အများဆုံးဖြစ်နေ၍ ပြည်နယ်ရှိ မဲဆန္ဒရှင်ပြည် သူများအနေဖြင့် ဖြစ်စဉ်အမှန်ကို သိရှိလိုသည်ဟု KNDP ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။

“တပ်က ထုတ်ပြန်တဲ့အပေါ်မှာ ကျွန်တော်တို့ ကရင်ပြည်နယ်က မသမာမှုက ပေါင်းလိုက်ရင် ရာနှုန်းအများဆုံးဖြစ်တယ်ပေါ့လေ။ အဲဒီတော့ ဒီကလူတွေကလည်း သို့လောသို့လော သိချင်ကြတာပေါ့ဗျာ။ ဘာပဲဖြစ်နေဖြစ်နေ အထောက်အထားကတော့ ရှိချင်မှလည်းရှိမှာပေါ့လေ။ သို့သော် ဘယ်လိုဖြစ်သလဲဆိုတာကို ပြည်သူတွေကတော့ မဲဆန္ဒရှင်တွေကတော့ သိချင်နေကြတယ်ပေါ့။ အဲဒီတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောပြနိုင်ရင်တော့ တာဝန်ရှိတဲ့သူတွေ တာဝန်ရှိတဲ့ သူတွေဆိုတာကအထူးသဖြင့် UEC ပေါ့ဗျာ” ဟု မန်းအောင်ပြည်စိုးက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းကွာဟမှုများရှိသည်ဆိုကာ မြို့နယ်အလိုက် မဲစာရင်းဆိုင်ရာ စိစစ်တွေ့ရှိချက်များကို ဒီဇင်ဘာ ၂၃ ရက်တွင် တပ်မတော်က စတင်ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်က ၂၁ ကြိမ်မြောက် မဲစာရင်းစိစစ်တွေ့ရှိချက်များ ထုတ်ပြန်မှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တွေ့ရှိချက်များ ပါဝင်လာခြင်းဖြစ်သည်။

တပ်မတော်ကထုတ်ပြန်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မဲမသမာမှု ဖြစ်စေနိုင်သည့် မဲစာရင်းဆိုင်ရာထုတ်ပြန်မှုတွင် ကရင်ပြည်နယ်က ၃၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်က ၁၀ ရာခိုင်နှုန်းဖြင့် အနည်းဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

“ဖြစ်နိုင်ခြေဆိုတာက ဖြစ်ချင်လည်းဖြစ်မယ်။ မဖြစ်ချင်လည်း မဖြစ်ဘူးပေါ့။ ဒီအပေါ်မှာ ပြည်သူတွေ၊ နောက် ကျွန်တော်တို့အပါအဝင် ရှင်းရှင်းလင်းလင်းလေး သိခွင့်ရမယ်ဆိုရင်တော့ ကောင်းတာပေါ့။ သိခွင့်ရမယ်ဆိုရင်တော့ ဘယ်သူအပေါ်မှာမှ မသမာစိတ် မစ္ဆိရိယစိတ်တွေ ရှိမှာမဟုတ်တော့ဘူး။ မရှင်းမလင်းဖြစ်တဲ့အခါကျတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်နေတာပေါ့” ဟု မန်းအောင်ပြည်စိုးက ပြောကြားသည်။

KNDP ပါတီသည် ကရင်ပြည်နယ်ရှိ သံတောင်ကြီးမြို့နယ်မှအပ ကျန်မြို့နယ်များရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရမဲဆန္ဒနယ်မရှိသည့်တိုင် နေရာအချို့တွင် အနိုင်ရပါတီနှင့် မဲကွာဟမှု ကျဉ်းမြောင်းခဲ့သည်။

KNDP ပါတီ၏ ထုတ်ပြန်ချက်တွင် မဲစာရင်းနှင့်ပတ်သက်၍ ရှင်းလင်းပေးရန်အချက်အပါအဝင် ဖာပွန်နှင့် ညောင်လေးပင်တွင် တပ်မတော်နှင့် KNU ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းပေးရန် နှစ်ဖက်တပ်များကို တောင်းဆိုချက်ပါဝင်သည်။

တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးသည့် KNU ကြားတွင်ဖြစ်ပွားသည့် အဆိုပါပြသနာမှာ NCA အကောင်အထည်ဖော်မှုအပိုင်းတွင် နားလည်မှုလွဲမှားခြင်းဖြစ်နိုင်၍ နှစ်ဖက်အဖွဲ့အစည်းကြား အကျေအလည် ညှိနှိုင်းရန်လိုအပ်ကြောင်း မန်းအောင်ပြည်စိုးက ပြောကြားသည်။

“ဘာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ဒုက္ခဆင်းရဲရောက်ရတာ၊ အနိဋ္ဌာရုံတွေကိုမဖြစ်အောင် ဖြစ်ခဲ့ပြီးတာရော ဖြစ်နေဆဲဟာတွေရောကို ချက်ချင်းအ ဖြေတစ်ခုခုရှာသင့်တယ်” ဟု မန်းအောင်ပြည်စိုးက ပြောကြားသည်။

ထို့ပြင် တပ်မတော်လက်အောက်ခံ BGF ခေါင်းဆောင်သုံးဦးကို အနားယူရန် ဖိအားပေးရာမှာ ဖြစ်ပေါ်လာနိုင်သည့် တင်းမာမှုများကို ရှောင်ရှားနိုင်ရေးအတွက်လည်း နှစ်ဖက်စလုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ အကျေအလည် ညှိနှိုင်းဆွေးနွေးရန် KNDP ပါတီက ထုတ်ပြန်ချက်တွင် ထည့်သွင်းတိုက်တွန်းသည်။

 


READ NEXT
Cancel OK