Top News

ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်လွှာများအပေါ် တရားမျှတစွာ စစ်ဆေးဆောင်ရွက်ပေးရန် နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် လူအင်အား ၃၀ ဖြင့် ဆန္ဒထုတ်ဖော်
24htopnews | July 30, 2024 3:12 PM CST

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက် ဘောလုံးကွင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဝန်းရံကြသူများက ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်လွှာများအပေါ် တရားမျှတစွာ စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ဇန်နဝါရီ ၂၂ ရက်က  ဟောပြောဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်လွှာများအပေါ် တရားမျှတစွာ စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်တွင် လူအင်အား ၃၀ ဖြင့် ဟောပြောဆန္ဒ ထုတ်ဖော်ရာတွင် ပျဉ်းမနား-တောင်ညိုကားလမ်း မိုင်တိုင် (၁၁/၂) မိုင်မှ (၁၁/၇) မိုင်အထိ လူအင်အား ၃၀ ဖြင့် စီးတန်းလှည့်လည်ကာ 'အာဏာအလွဲသုံးသူ ဒို့ရန်သူ' 'တပ်နှင့် ပြည်သူ အတူတူ သွေးခွဲလာသူ ဒို့ရန်သူ' စသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ခြင်း၊ ကြွေးကြော်ခြင်းများနှင့် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက် ဘောလုံးကွင်းအတွင်း ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေ၊ COVID-19 နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“မကြာခင်က ကျင်းပပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲ မတိုင်ခင်ကာလနဲ့ ရွေးကောက်ပွဲကျင်းပချိန်၊ ရွေးကောက်ပွဲ ပြီးဆုံးချိန်တွေမှာ မဲဆန္ဒရှင်များရဲ့ ယုံမှားသံသယ ဖြစ်မှုတွေ၊ နိုင်ငံရေးပါတီများနဲ့ အဖွဲ့အစည်းအသီးသီးက ပြန်လည်စစ်ဆေးတဲ့ အခါမှာလည်း မဲမသမာမှု ဖြစ်ပေါ်နိုင်တဲ့ ဆောင်ရွက်ခဲ့မှုတွေကြောင့်၊ မဲဆန္ဒရှင်စာရင်း ကွာခြားမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေကို ဆောင်ရွက်ခဲ့တယ်လို့ တွေ့နေရတဲ့အတွက် ရွေးကောက်ပွဲ ပြီးဆုံးချိန်ကစပြီး ငြင်းခုံမှုတွေ၊ ဆန္ဒဖော်ထုတ် မှုတွေနဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်အဖြေဟာ ဝေဝါးနေတယ်ဆိုတာ အားလုံးသိကြမှာ ဖြစ်ပါတယ်။ ဒီလိုစာရင်း ဇယားပိုင်း မှားယွင်းမှုတွေ၊ တရားမဲ့ ပြုကျင့်မှုတွေကြောင့် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ် အများစုက ကန့်ကွက်လွှာ တင်သွင်းလျက်ရှိကြပြီး မဖြေရှင်းနိုင်သေးတဲ့ အချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲရဲ့ စာရွက်စာတမ်းများကို သက်ဆိုင်ရာ ကော်မရှင်အဆင့်ဆင့်က မီးရှို့ဖျက်စီးမှုတွေ ဆောင်ရွက်လာတဲ့အခါ မဲဆန္ဒရှင်အများစုနဲ့ နိုင်ငံရေးပါတီများ၊ အခြားအဖွဲ့အစည်းများ အားလုံးရဲ့ သံသယတွေဟာ ပိုမိုကြီးထွား လာကြရပါတယ်” ဟု ဇေယျာသီရိမြို့နယ်တွင် နေထိုင်သော မဲဆန္ဒရှင်ပြည်သူ ဦးရဲလင်းက ဟောပြောခဲ့သည်။

ထို့ပြင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း မကုန်ဆုံးသေးသည့် အချိန်တွင် ဒုတိယကြိမ်လွှတ်တော်ကို ကျင်းပခြင်း ပြုလုပ်ခြင်း မရှိဘဲ အငြင်းပွားနေသည့် မဲရလဒ်များ ဖြစ်ပေါ်နေသော တတိယအကြိမ် လွှတ်တော်ကို ခေါ်ယူခြင်းသည်လည်း ပြည်သူများနှင့် နိုင်ငံရေးပါတီများ၊ အခြားတာဝန်ရှိ အဖွဲ့အစည်းများက မဖြစ်သင့်ကြောင်း ကြေညာချက် ထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်၍ တင်ပြနေကြသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း ဦးရဲလင်းက ပြောကြားသည်။

ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အမှတ် (၁) ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ ဦးကြည်မိုးက “ဒီမှာဖော်ပြထားတဲ့ ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲဆိုတဲ့ ခေါင်းစဉ်အတိုင်း ကျွန်တော် ပြည်သူတစ်ယောက် အနေနဲ့ ဆန္ဒဖော်ထုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဘာတွေကို လိုချင်လို့၊ ဘာတွေကို ဖြစ်ချင်လို့ ဆန္ဒဖော်ထုတ်ရသလဲဆိုတော့ ယခင်က နိုင်ငံတော်တာဝန်ယူခဲ့့တဲ့ တပ်မတော်အစိုးရ လက်ထက်မှာ ဦးဆောင်အကောင်အထည် ဖော်ပေးခဲ့တဲ့ ပြည်သူအများစု လိုလားခဲ့တဲ့ ဒီမိုကရေစီစနစ် ပျက်သုဉ်းသွားမှာကို မတွေ့လို မမြင်လို မကြုံလိုတဲ့အတွက် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု ဟောပြောခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးသည့်အချိန်တွင် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲအလွန် ကာလများတွင် တွေ့ရှိနေရသည့် အငြင်းပွားမှုများ၊ ကြားသိနေရသည့် မဲမသမာမှုများ၊ တရားမဲ့ ပြုကျင့်မှုများသည် လက်ရှိအချိန်တွင် နိုင်ငံတကာအထိ သိရှိပြန့်နှံ့ နေပြီးဖြစ်သည့်အတွက် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်သည့်အပြင် မိမိတို့နိုင်ငံ၏ နုနယ်လှသော ဒီမိုကရေစီ ခေတ်ဦးတွင် ပြည်သူများ၏ ယုံကြည်မှုကင်းမဲ့ပြီး ဖွံ့ဖြိုးစ ဒီမိုကရေစီစနစ် ပျက်သုဉ်းသွားမည် အခြေအနေကို တွေ့မြင်ရမည်ဖြစ်ကြောင်း ဦးကြည်မိုးက ပြောကြားသည်။

“ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များနဲ့ အခြားအဖွဲ့အစည်း ပေါင်းစုံက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ၊ တင်ပြချက်တွေအပေါ်မှာ အလေးထား ဂရုပြခြင်း မရှိဘဲ မိမိတို့ ရရှိထားတဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ အသုံးချပြီး ဒီလိုမသမာမှုတွေ ဖြစ်လာတယ်ဆိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူများဟာ သမိုင်းတရားခံများအဖြစ် သတ်မှတ်ခံကြရမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် သမိုင်းတရားခံ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ မိမိတို့ ရိုးသားစွာ မှားယွင်းခဲ့ရင်လည်း မှားယွင်းကြောင်း ဝန်ခံပြီး အမှန်တရားကို ပြန်တည့်မတ် ပေးသွားကြဖို့နဲ့ ဒီမိုကရေစီစနစ် ရှည်ကြာစွာ ကျင့်သုံးနိုင်ရေးအတွက် မှန်ကန်သော ရပ်တည်မှုနဲ့ ရပ်တည်ပေးကြဖို့လိုမှာ ဖြစ်ပါတယ်” ဟု ဦးကြည်မိုးက ပြောကြားသည်။

နိုင်ငံရေးပါတီများနှင့် တပ်မတော်၏ တင်ပြချက်များ၊ သဘောထား ကြေညာချက်များသည် နိုင်ငံတော်အတွင်း အေးချမ်းသာယာမှုနှင့် လက်ရှိကျင့်သုံးလျက်ရှိသော ဒီမိုကရေစီစနစ် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် သမာသမတ်ကျသော၊ ဖြစ်သင့်သော ကြေညာချက်များ ဖြစ်သည့်အတွက် သဘောတူ ထောက်ခံပါကြောင်း ဦးရဲလင်းက ပြောကြားသည်။

“ယနေ့ ကမ္ဘာ့နိုင်ငံကြီးတွေမှာ ဖြစ်ပွားနေတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှု ဖြစ်ပေါ်နေခြင်းများ၊ မတည်ငြိမ်မှုရဲ့ ရလဒ်ကြောင့် ပြည်သူများရဲ့ အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုများနဲ့ စားဝတ်နေရေး ကျပ်တည်းမှုများ တွေ့ရှိနေခြင်းမျိုးကို ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပေါ်မလာ စေရေးအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်အပေါ် အငြင်းပွားမှုများ ပြေလည်အောင် ဖြေရှင်းပေးနိုင်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများမှ အမြန်ဆုံးဖြေရှင်း ပေးစေလိုကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်” ဟု ဦးရဲလင်းက ဟောပြောခဲ့သည်။

နိုင်ငံတော်တွင် လက်ရှိကျင့်သုံးနေသော ဒီမိုကရေစီနစ် ပျက်သုဉ်းမသွားစေရေးနှင့် နိုင်ငံသားများ အပါအဝင် နိုင်ငံတကာ၏ ယုံကြည်ခြင်းကို ရရှိနိုင်ရန်၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ရပ်တည်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်အပေါ် ကန့်ကွက်လွှာ တင်သွင်းထားမှုများ အပေါ်တွင် ပွင့်လင်းမြင်သာပြီး တရားမျှတစွာ ဖြေရှင်းပေးရန် တောင်းဆိုပါကြောင်း ဦးကြည်မိုးက ထည့်သွင်းဟောပြောခဲ့သည်။


READ NEXT
Cancel OK