Top News

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် မဲဆွယ်စည်းရုံးခြင်းမပြုလုပ်ရန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ တားမြစ်စာပို့ထားသည့်ကိစ္စ TNP ပါတီက ကော်မရှင်ထံ တင်ပြ
24htopnews | July 29, 2024 3:13 PM CST

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်းမပြုလုပ်ရန် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ တားမြစ်စာပို့ထားသည့်ကိစ္စနှင့်ပတ်သက်၍ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) က အသိပေးတင်ပြထားကြောင်း သတင်းရရှိသည်။

မိုင်းကိုင်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးဆောင်ရွက်ခြင်း၊ အထက်ပါစည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပါတီများအား ကျေးရွာများအတွင်း မဲဆွယ်စည်းရုံးခွင့်ပြုပါက ဥက္ကဋ္ဌများအနေဖြင့် တစ်ရွာလျှင် ဒဏ်ငွေ ကျပ် ၁၀ သိန်း ပေးဆောင်ရမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ အသိပေးအကြောင်းကြားစာမှာ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ TNP ပါတီအနေဖြင့် အောက်ခြေတွင် သွားရောက်ကြည့်ရှု စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် တွေ့ရှိချက်များကို ပြည်နယ်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ယင်းပါတီအတွင်းရေးမှူး မိုင်းအုန်ခိုင်က ဆိုသည်။

“ လက်ရှိအနေအထားတော့ ဟုတ်ပါတယ်။ မိုင်းကိုင်မြို့နယ်တွင်းမှာ TNP ပါတီကို မဲဆွယ်စည်းရုံးခွင့်မပြုဖို့ စာထွက်ထားတယ်။ လူမှုကွန်ရက်ပေါ်တောင် ရောက်နေပြီ။ လောလောဆယ် ကျွန်တော်တို့ တစ်ပါတီထဲ ကြားရသေးတယ်။ အောက်ခြေပိုင်းက ကြားရတာရှိတယ်။ မဲဆွယ်ဖို့ မလုပ်ကြဖို့ လုပ်ရင် ဒဏ်ငွေ ၁၀ သိန်းလို့ ပြောတယ်။ ကျွန်တော်တို့ မိုင်းကိုင်ဒေသကို ကွင်းဆင်းမယ်။ ပါတီဝင်တွေနဲ့ ရသလောက်တွေ့မယ်။ ဟုတ်၊ မဟုတ်ပေ့ါ။ စုံစမ်းပြီးမှ အဖြစ်မှန်တယ်ဆိုရင် သက်ဆိုင်ရာ ဆက်တင်ပြမယ်။ အရင်လတုန်းက တစ်ခါလာပြီး ဆောင်ရွက်ပေးဖူးတယ်။ အရင်က တစ်ခေါက်မှ မကြားဖူးဘူး။ မိုင်းကိုင်မှာ ဒီတစ်ခေါက် ၂၀၂၀ ပြည့်နှစ်မှ ရွေးကောက်ပွဲ ဝင်ပြိုင်မှာပါ” ဟု တအာင်း (ပလောင်) အမျိုးသားပါတီမှ အတွင်းရေးမှူး မိုင်းအုန်ခိုင်က ပြောကြားသည်။

TNP ပါတီက ကော်မရှင်ထံ တင်ပြထားသည့်ကိစ္စနှင့်ပတ်သက်ပြီး လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသိန်းနိုင်က “ အဲဒီစာကတော့ ဟုတ်တယ်ပဲ ပြောရမှာပေ့ါ။ စာနဲ့တင်ပြလာတယ်။ ရွာသူကြီးတွေကို ပြောထားတာပေ့ါ။ ကျေး ရွာစာရေးတစ်ယောက်ကနေ ပလောင်အဖွဲ့ကို မဲမဆွယ်စေနဲ့၊ မဲဆွယ်ရင် ဒဏ်ရိုက်မယ်လို့ ပြောထားတယ်။ မဲဆွယ်လို့ မရဘူးတဲ့။ အဲဒီလိုတော့ စာတင်ထားတယ်။ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့်ထံ ဆက်လက်တင်ပြပါတယ်။ လောလောဆယ်တော့ ပါတီအချင်းချင်း နယ်မြေမှာ တစ်ခုခုဖြစ်လာရင် စေ့စပ်ညှိနှိုင်းရေးလုပ်ရမှာပေ့ါ။ စေ့စပ်ညှိနှိုင်းရေးကလည်း ဒီအဖွဲ့ကိုလည်း ဆက်သွယ်ပြီး ခေါ်ခွင့်မရှိဘူးပေါ့။ အထက်ဌာနတွေကပဲ ကန့်ကွက်ပေါ့။ ကျွန်တော်တို့အနေနဲ့ စေ့စပ်ညှိနှိုင်းရေးနဲ့သွားလို့ မရဘူးထင်တယ်” ဟု ပြောကြားသည်။

မိုင်းကိုင်မြို့နယ်တွင်း ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) နှင့် (၂) နေရာများအတွက် TNP ပါတီအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) တို့မှ ကိုယ်စားလှယ်များလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်နေရာတွင်မူ ယင်းခြောက်ပါတီအပြင် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက် ကျေးရွာအုပ်စု ၂၄ အုပ်စု ကျေးရွာ ၃၅၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၇၆၉၉၈ ဦး နေထိုင်ကြောင်းနှင့် ရှမ်းလူမျိုးမှာ ရာခိုင်နှုန်းအားဖြင့် လူဦးရေအများဆုံးဖြစ်ပြီး ဒုတိယလူဦးရေအများဆုံးမှာ တအာင်း (ပလောင်) လူမျိုးဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ မဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

အဆိုပါကာလအတွင်း COVID ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်များနှင့် သက်ဆိုင်ရာအစိုးရဌာန၊ ဒေသန္တရအမိန့်များကိုသာ လိုက်နာရန် ညွှန်ကြားထားသည်။


READ NEXT
Cancel OK