Top News

မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာတွင် ကရင်အမျိုးသားပါတီ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ ပြုလုပ်
24htopnews | July 29, 2024 3:13 PM CST

မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာအုပ်စု ငါးမြင်းချောင်းကျေးရွာတွင် ကရင်အမျိုးသားပါတီက စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲအား ကျန်းမာရေးဌာန ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကရင်အမျိုးသားပါတီမှာ မြောင်းမြမြို့နယ်တွင် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) နေရာတစ်ခုတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယနေ့အချိန်ထိ ကျန်းမာရေဌာန ညွှန်ကြားချက်များကြောင့် လူစုလူဝေးဖြင့် ဟောပြောခြင်းများ မဆောင်ရွက်နိုင်သေးသော်လည်း ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များကိုမူ လိုက်လံစိုက်ထူလျက်ရှိကြောင်း၊ မဲဆွယ်စည်းရုံးရာတွင် ကန့်သတ်ချက်များပြားမှုကြောင့် လက်ကမ်းစာစောင်များဝေငှခြင်းများကိုပါ လုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“ ကျွန်တော်တို့ မဲဆွယ်ဆိုင်းဘုတ်ကတော့ သိလ္လာတိုက်နယ်ဖက်မှာဆိုရင်တော့ ကျေးရွာအုပ်စု သုံးအုပ်စုလောက်ပဲ ကျန်တော့တယ်။ စိုက်ထူဖို့ပေါ့၊ ကံကြီးတိုက်နယ်ဖက်မှာတော့ သုံးအုပ်စုလောက်ပဲ စိုက်ထူနိုင်သေးတယ်။ ပြီးတော့ ကိုဗစ်ကာလမို့ ကျွန်တော်တို့ လက်ကမ်းစာစောင်တွေကို ရန်ကုန်ကနေမှာတာ ပို့ရတာမှာလဲ အခက်အခဲလေးတွေရှိတယ် ချက်ခြင်းရောက်မလာဘဲ ကြန့်ကြာမှုတွေရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ပါတီကို တပ်ချုပ်နဲ့ သွားရောက်တွေ့ဆုံတဲ့ ၃၄ ပါတီထဲမှာ ပါဝင်တယ်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်အောင် တိုက်ခိုက်ခံရတာမျိုးတွေလဲ ရှိနေတယ်။ ကျွန်တော်တို့ကတော့ ပုံမှန်အတိုင်းပဲ ဆက်သွားနေပါတယ်။ အခုထိ လူစုလူဝေးနဲ့ ဟောပြောစည်းရုံးမှုတွေ မလုပ်ဆောင်သေးဘူး။ လူ ၅၀ အထိ စည်းရုံးခွင့်ရှိတယ်ဆိုပေမဲ့ ပြည်သူတွေကို စိုးရိမ်ပူပန်မှုတွေ မရှိစေချင်လို့ ကျွန်တော်တို့ တစ်အိမ်တက် တစ်အိမ်ဆင်း ပုံစံမျိုးနဲ့ပဲ စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု မြောင်းမြမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း စစွဲမက်က ပြောကြားသည်။

မြောင်းမြမြို့နယ်အတွင်း နိုင်ငံရေးပါတီကြီးများအနေဖြင့်မူ လူစုလူဝေးဖြင့် လှည့်လည်စည်းရုံး အင်အားပြခြင်းအား နေ့စဉ်နီးပါး ပြုလုပ်လျက်ရှိပြီး အင်အားပြအဖွဲ့များကို သက်ဆိုင်ရာပါတီများမှ ခွင့်ပြုလုပ်ဆောင်စေရန် စေခိုင်းထာခြင်းမရှိဟုလည်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။


READ NEXT
Cancel OK