Top News

လက်ရှိနိုင်ငံရေးအခင်းအကျင်း၌ အနီနှင့် အစိမ်းအားပြိုင်မှုတွင် ဒီမိုကရေစီဘက်တော်သားနှင့် တပ်မတော်ထောက်ခံသူဟူ၍ အားပြိုင်မှုများရှိနေသည့်အတွက် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အားနည်းနေသည်ကို တွေ့ရှိရကြောင်း PPP ပါတီဥက္ကဋ္ဌ ပြောကြား
24htopnews | July 29, 2024 3:13 PM CST

လက်ရှိနိုင်ငံရေးအခင်းအကျင်း၌ အနီနှင့် အစိမ်း အားပြိုင်မှုတွင် ဒီမိုကရေစီဘက်တော်သားနှင့် တပ်မတော်ထောက်ခံသူဟူ၍ အားပြိုင်မှုများရှိနေသည့်အတွက် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အားနည်းနေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအကြောင်း သိကောင်းစရာများကို ပြည်သူလူထုအား စက်တင်ဘာ ၂၈ ရက်က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အစီရင်ခံတင်ပြရာတွင် ဒေါက်တာသက်သက်ခိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ တစ်ပြိုင်နက်တည်းမှာ နိုင်ငံရေးအခင်းအကျင်းကို ကြည့်လို့ရှိရင် အနီနဲ့ အစိမ်း အားပြိုင်မှုများပြီးတော့ အနီဆိုတာ ဒီမိုကရေစီဘက်တော်သားတွေ ဖြစ်တယ်။ အစိမ်းဆိုတာ တပ်မတော်ကို ထောက်ခံတဲ့သူတွေ ဖြစ်တယ်ဆိုပြီး အားပြိုင်မှုတွေများနေတာကို တွေ့ရှိရပါတယ်။ တစ်ချိန်တည်းမှာပဲ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးလည်း အားနည်းနေတာကို ကျွန်မတို့ တွေ့ရှိရပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီသည် ဖက်ဒရယ်စနစ်ကိုယုံကြည်သည့်အတွက် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်သည့်ပါတီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ကျွန်မတို့ ပါတီအနေနဲ့တော့ ကျွန်မတို့ဟာ အရပ်သားပါတီဖြစ်တယ်။ ဒီမိုကရေစီပါတီဖြစ်တယ်။ ဖက်ဒရယ်ကို ယုံကြည်တဲ့ပါတီဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်တဲ့ပါတီဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာလည်း တိုင်းပြည်တည်ဆောက်ရေးမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုပြီး လေးစားတဲ့ပါတီဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ ကျွန်မတို့ အလယ်အလတ်လမ်းစဉ်နဲ့ ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

PPP ပါတီသည် ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ငြိမ်းချမ်းခြင်းသို့ ချီတက်မည်ဆိုသော မူဝါဒကို ချမှတ်ထားပြီး ငြိမ်းချမ်းခြင်းသည် အရေးကြီးကြောင်း၊ ဖွံ့ဖြိုးခြင်းမှတစ်ဆင့် ငြိမ်းချမ်းခြင်းကိုသွားမည့် မူဝါဒအား ချမှတ်ထားကြောင်း၊ ပါတီစတင်တည်ထောင်စဉ်က မူဝါဒနှင့်လုပ်ငန်းလမ်းစဉ် (Programmatic) အတိအကျရှိသည့်ပါတီဟူ၍ ဆုံးဖြတ်ပြီး တည်ထောင်ခဲ့ကြောင်း၊ ထို့ကြောင့် ပါတီတွင် ပညာရှင်များ၏ အခန်းကဏ္ဍ အရေးကြီးပြီး ပညာရှင်များကတစ်ဆင့် သုတေသနပြု၍ တွေ့ရှိချက်များ၊ တိုင်းပြည်၏ အားသာချက်၊ အားနည်းချက်များအပေါ်မူတည်ကာ ပြည်သူလူထုများ ရင်ဆိုင်နေရသည့် နေ့စဉ်ဘဝများကို သိအောင်ကြိုးစား၍ ပြဿနာအကြောင်းကိစ္စများ ပြေလည်စေနိုင်သည့် မူဝါဒများ ရေးဆွဲချမှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ အဲဒါကြောင့်မို့လို့ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ ကျွန်မတို့ပါတီရဲ့ဆောင်ပုဒ်က လူထုဘဝ အဓိကပေါ့နော်။ လူထုဘဝ အဓိကလို့ ပြောတဲ့အချိန်မှာ လူတိုင်းအတွက်ဝင်ငွေ၊ လူတိုင်းအတွက် အလုပ်အကိုင်၊ လူတိုင်းအတွက် အနာဂတ်ဆိုတဲ့ ဆောင်ပုဒ်နဲ့  ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ထို့ပြင် မိသားစုတိုင်းတွင် စားဝတ်နေရေးပြေလည်ရေးအတွက် ဝင်ငွေလိုအပ်ပြီး ယင်းဝင်ငွေများရှိရန်အတွက်  အလုပ်အကိုင် လိုအပ်ကြောင်း၊ မိသားစုတိုင်းတွင် အလုပ်အကိုင်နှင့် ဝင်ငွေများရှိပါက မိသားစု အနာဂတ်လှပမည်ဖြစ်သဖြင့် တောင်သူများ၏ ဝင်ငွေ၊ အလုပ်သမားများ၏ ဝင်ငွေ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေနှင့် နိုင်ငံတော်၏ဝင်ငွေများကို နှစ်စဉ် ၂၀ ရာခိုင်နှုန်းတိုးတက်ရန် ကြိုးစားဆောင်ရွက်မည်ဟု ရည်မှန်းချက်ထားရှိကြောင်း ဒေါက်တာသက်သက်ခိုင်က ဆိုသည်။


READ NEXT
Cancel OK