Top News

တားမြစ်ချက်များကို ငြိစွန်းခြင်းမရှိဘဲ ပါတီ၏ မူဝါဒများကို ကော်မရှင်က ဖြတ်တောက်ခြင်းသည် ပါတီစုံဒီမိုကရေစီစနစ်၏ စံချိန်စံညွှန်းများကို ချိုးဖောက်ခြင်းဖြစ်သဖြင့် နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်မှုကို ပါဝင်မည်မဟုတ်ဟု ပြည်သူ့ပါတီ ထုတ်ပြန်
24htopnews | July 29, 2024 3:13 PM CST

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တားမြစ်ချက်များကို ငြိစွန်းခြင်းမရှိဘဲ ပါတီတစ်ရပ်၏ မူဝါဒသဘောထားများကို ကော်မရှင်က ဖြတ်တောက်ခြင်းသည် ပါတီစုံဒီမိုကရေစီစနစ်၏ စံချိန်စံညွှန်းများကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်မှုကို ပါဝင်မည်မဟုတ်ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် ပြည်သူ့ပါတီက ကော်မရှင်သို့ အကြောင်းပြန်ကြားခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ပြည်သူ့ပါတီ၏ အကြောင်းပြန်ကြားစာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၃ ရက် အကြောင်းကြားစာအရ နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ပြည်သူ့ပါတီ၏ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောထုတ်လွှင့်နိုင်ရန် အကြောင်းကြားခဲ့ကြောင်း၊ ပြည်သူ့ပါတီက သြဂုတ် ၂၁ ရက်တွင် နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ဟောပြောထုတ်လွှင့်မည့် ပြည်သူ့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်၊ ပါတီအလံ၊ သင်္ကေတ တံဆိပ်နှင့် သီးချင်းများ ပူးတွဲပေးပို့ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ထို့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာအရ ပြည်သူ့ပါတီက ပေးပိုခဲ့သည့် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များအနက် စာပိုဒ် (၄) နှင့် (၅) တို့ပါ ရေးသားဖော်ပြချက်များကို ပယ်ဖျက်၍ ဟောပြောရန် အကြောင်းကြားခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဇူလိုင် ၂၃ ရက်စွဲပါ စာအမှတ်တွင် ဖော်ပြထားသော တားမြစ်ချက် (၉) ချက်နှင့် ငြိစွန်းခြင်းမရှိဘဲ မည်သည့်အချက်နှင့် ငြိစွန်းနေသည်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ကြားခဲ့ခြင်းမရှိကြောင်း ပြည်သူ့ပါတီ၏ ကော်မရှင်သို့ အကြောင်းပြန်ကြားစာထတွင် ဖော်ပြထားသည်။

ထို့အတူ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ရပ်က ပြည်သူလူထုကို တင်ပြမည့် မူဝါဒသဘောထားများကို ဖြတ်တောက်ခြင်း၊ တည်းဖြတ်ခြင်းတို့သည် ပါတီစုံဒီမိုကရေစီစနစ်၏ အခြေခံအကျဆုံး စံချိန်စံညွှန်း တန်ဖိုးထားမှုနှင့် ကျင့်စဉ်များကို ချိုုးဖောက်ခြင်းဖြစ်သည်ဟု ခံယူပါသဖြင့် နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင့်သံကြားမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နိုင်ငံပါတီများအတွက် အလှည့်ကျ ထုတ်လွှင့်ပေးမည့် အစီအစဉ်များတွင် ပြည်သူ့ပါတီအနေဖြင့် လုံးဝပါဝင်မည် မဟုတ်ကြောင်း ကော်မရှင်သို့ အကြောင်းပြန်ကြားစာတွင် ရေးသားထားသည်။

ပြည်သူ့ပါတီကဲ့သို့ပင် ပါတီအချို့ကလည်း ၎င်းတို့၏ ပါတီမူဝါဒများကို ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်သဖြင့် နိုင်ငံပိုင် ရုပ်သံနှင့် ရေဒီယို အစီအစဉ်တွင် ဟောပြောမှု မလုပ်ကြောင်း ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK