Top News

ရခိုင်နှင့် ကရင်တိုင်းရင်းသား နိုင်ငံရေးပါတီအချို့၏ မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဖြတ်တောက်မှုခံရ
24htopnews | July 29, 2024 3:13 PM CST

နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမည့် ရခိုင်နှင့် ကရင်တိုင်းရင်းသား နိုင်ငံရေးပါတီအချို့၏ မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဖြတ်တောက်မှုနှင့် ကြုံတွေ့ရကြောင်း ယင်းပါတီ တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စိစစ်ဖြတ်တောက်မှုများသည် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဘောင်ကို ကျော်လွန်ပြီး အတိုင်းအတာ တစ်ခုအထိ အလွန်အကျွံ ဖြတ်တောက်ထားခြင်းကြောင့် နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများမှတစ်ဆင့် မဲဆွယ်စည်းရုံးခြင်း အစီအစဉ်တွင် မပါဝင်တော့ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) က စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များ၊ မတရားဖမ်းဆီးခံရမှုများနှင့် ပတ်သက်သည့် အချက်များနှင့် ပါတီမူဝါဒပါ အချက်အချို့ အပါအဝင် မဲဆွယ်မိန့်ခွန်းပါ အဓိက အနှစ်သာရများ ပါဝင်သည့် အပိုဒ်အချို့ ဖြတ်တောက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ပါတီဥက္ကဋ္ဌ သို့မဟုတ် ပါတီတာဝန်ရှိသူ တစ်ဦးဦး ပြောကြားရမည့် ပါတီမဲဆွယ်မိန့်ခွန်းပါရုပ်သံကို နိုင်ငံပိုင်ရုပ်သံတွင် အောက်တိုဘာ ၁ ရက်တွင် ရိုက်ကူးကာ အောက်တိုဘာ ၃ ရက်တွင် ထုတ်လွှင့်မည် ဖြစ်သော်လည်း မိန့်ခွန်းဖြတ်တောက်ခံရ၍ ယင်းအစီအစဉ်တွင် ပါဝင်မည် မဟုတ်ကြောင်း AFP ပါတီက ကြေညာသည်။

ထို့အတူ ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့၏ မဲဆွယ်မိန့်ခွန်းပါ အချက်အလက်နှင့် အသုံးအနှုန်း အချို့လည်း ဖြတ်တောက်ခံရကြောင်း သိရသည်။

ယင်းပါတီနှစ်ခု၏ မဲဆွယ်မိန့်ခွန်းတွင် ပါဝင်သည့် ပြည်တွင်းစစ်၊ စစ်မီးဆိုသည့် အသုံးအနှုန်းများကို ပြင်ဆင်ပြောင်းလဲစေခဲ့ပြီး အပိုဒ်အချို့ ဖြတ်တောက်ခံခဲ့ရကြောင်း ပါတီတာဝန်ရှိသူများက ပြောကြားသည်။

သို့သော် ရခိုင်ပြည်နယ်တွင် ပြည်နယ်အတိုင်းအတာဖြင့် Stay at Home ကြေညာထားမှု၊ မြို့နယ်အချို့တွင် အင်တာနက် 4G ရရှိမှုမရှိခြင်း စသည့်အခက်အခဲ များစွာကြောင့် ပြည်သူလူထုထံ ပါတီနှင့် ပတ်သက်သည့် မူဝါဒ တင်ပြနိုင်ရေးအတွက် နိုင်ငံပိုင်ရုပ်သံတွင် ပါဝင်ဟောပြောမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရခိုင်ပါတီနှစ်ခု၏ ခေါင်းဆောင်များက ပြောကြားသည်။

“ဒီလိုမျိုးအနေအထားမှာ သူတို့ကို သတင်းစကားပြောဖို့ အသင့်တော်ဆုံးက တီဗီချန်နယ် MRTV၊ ဒီဟာက လူလည်း အကြည့်များတယ်။ အဲဒီမှာ အန်ကယ်တို့ အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တဲ့အထဲက အကုန်လုံးမဟုတ်ဘူး ဆိုရင်တောင်မှ တချို့တော့ ရောက်မှာပဲဆိုတဲ့ အနေအထားနဲ့ ပြောရမယ်၊ လွှင့်ရမယ်ဆိုပြီး ဆုံးဖြတ်ပြီး ရိုက်ဖြစ်တယ်” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်မိန့်ခွန်း ဟောပြောမှုကို နိုင်ငံပိုင်ရုပ်သံတွင် အောက်တိုဘာ ၁ ရက်က ထုတ်လွှင့်ခဲ့ပြီး ရခိုင်အမျိုးသားပါတီ၏ ဟောပြောမှုကို စက်တင်ဘာ ၂၄ ရက်က ထုတ်လွှင့်ခဲ့သည်။

ပါတီမဲဆွယ်မိန့်ခွန်းပါ အချက်အချို့ ဖြတ်တောက်ခံရသည့်တိုင် လူထုထံ ပါတီမူဝါဒ သတင်းစကားပါးလို၍ နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှု အစီအစဉ် ပါဝင်ခဲ့ကြောင်း ကရင်အမျိုးသားပါတီ (KNP) ပါတီ ဒုတိယဥက္ကဋ္ဌ (၁) မန်းထိန်ဝင်းစိန်က ပြောကြားသည်။

အာဇာနည်ခေါင်းဆောင်များ ကျဆုံးပြီးနောက်ပိုင်း ရေးဆွဲသည့် အခြေခံဥပဒေသည် တစ်ပြည်ထောင်စနစ် ရောက်ရှိသွားကြောင်းနှင့် ယင်းသို့ ရောက်ရှိသွားကြောင်းကို ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ရေးဆွဲစဉ် ပါဝင်ခဲ့သည့် ဥပဒေပညာရှင်ကိုယ်တိုင် ဝန်ခံထားသည့် အချက်နှင့် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားများ၏ ဒီမိုကရေစီ မျှော်မှန်းချက် မှေးမှိန်ခဲ့ပြီး ပြည်တွင်းစစ်လည်း အထွတ်အထိပ် ရောက်ရှိသည်ဆိုသော အချက်တို့ကို ကော်မရှင်က ဖြတ်တောက်ခဲ့ကြောင်း မန်းထိန်ဝင်းစိန်က ပြောကြားသည်။

ယင်းသို့ ဖြတ်တောက်ခံရသည့် အချက်အချို့ကို ချန်လှပ်၍ ကျန်ပါတီမူဝါဒပါ မဲဆွယ်မိန့်ခွန်းကို ပါတီ၏ ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် မန်းမင်းရဲထွေးက ပြောကြားခဲ့ပြီး စက်တင်ဘာ ၂၅ ရက်က နိုင်ငံပိုင်ရုပ်သံတွင် ထုတ်လွှင့်ခဲ့သည်။

ထို့ပြင် တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ထားဝယ်တိုင်းရင်းသားများ ပါတီ၏ ပြည်သူထံ ပြောကြားမည့် မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခဲ့ကြောင်း ပါတီတွဲဘက် အထွေထွေအတွင်းရေးမှူး (၂) ဦးသူရလှိုင်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် အခြားတိုင်းဒေသကြီးများကဲ့သို့ လျှပ်စစ်မီး ယူနစ်နှုန်းထား မညီမျှမှု အခြေအနေများကို မေးခွန်းထုတ်မှုနှင့် ထားဝယ်လူမျိုးများကို မှတ်ပုံတင်တွင် လူမျိုးမှန် သတ်မှတ်ဖော်ပြခံရရေး စသည့်အချက်များ အပါအဝင် အပိုဒ်ရှစ်ပိုဒ်ကို ကော်မရှင်က ဖြတ်တောက်ခဲ့ကြောင်း ၎င်းပြောကြားချက်အရ သိရသည်။

 


READ NEXT
Cancel OK