Top News

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို နည်းလမ်းပေါင်းစုံသုံး၍ ဆောင်ရွက်မည်ဆိုသည့် အချက်အပါအဝင် အချက်အချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်သဖြင့် နိုင်ငံပိုင်ရုပ်သံတွင် မဲဆွယ်ဟောပြောမည် မဟုတ်ကြောင်း UNDP ပါတီ ထုတ်ပြန်
24htopnews | July 29, 2024 3:13 PM CST

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို နည်းလမ်းပေါင်းစုံသုံး၍ ဆောင်ရွက်မည်ဆိုသော အချက်အပါအဝင် အချက်အချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP) က ထုတ်ပြန်သည်။

UNDP ပါတီ မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ကို ဖြတ်တောက်ထား၍ အောက်တိုဘာ ၄ ရက်တွင်ရိုက်ကူးမည့် နိုင်ငံပိုင်ရုပ်သံ၌ ဟောပြောမှု အစီအစဉ်တွင် မပါဝင်တော့ကြောင်း  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာ ၁ ရက်က အကြောင်းပြန်ခဲ့သည်ဟု UNDP ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ နည်းလမ်းမျိုးစုံကို သုံးပြီးတော့ ပြင်ဆင်မယ်ဆိုတဲ့ အကြောင်းအရာပေါ့နော်။ နည်းလမ်းမျိုးစုံက လူထုလှုပ်ရှားမှုပေါ့။ လူထုလှုပ်ရှားမှု နည်းလမ်းတွေနဲ့ သွားမယ်ဆိုတဲ့ အကြောင်းအရာ” ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အဟန့်အတား ဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်တွင်း ပြင်ဆင်သည့်နည်းလမ်း၊ လူထုဆန္ဒခံယူပွဲ ရယူပြင်ဆင်သည့် နည်းလမ်းအပြင် လိုအပ်ပါက လူထုဆန္ဒနှင့်အညီ နည်းလမ်းမျိုးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေး ဆောင်ရွက်သွားမည် ဆိုသည့်အချက်ကို ကော်မရှင်က ဖြတ်တောက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွေးကောက်ခံ မဟုတ်သူများ၏ အာဏာကို ပြန်လည်ရုပ်သိမ်းရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အစိုးရကို ပြည်သူ့အင်အားနှင့် ဖြိုချရမည်ဆိုသည့် ပါတီမိန့်ခွန်းပါ အချက်များလည်း ဖြတ်တောက်ခံရသည်ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

နိုင်ငံရေးပါတီတစ်ခု၏ မူဝါဒလုပ်ငန်းစဉ်သည် ယင်းပါတီအတွက် အသက်တမျှ အရေးကြီးပြီး ယင်းကို ကော်မရှင် အနေဖြင့် ဖြတ်တောက်သည့်အပေါ် လက်မခံသည့်အတွက် နိုင်ငံပိုင်ရုပ်သံ၌ ဟောပြောမှု အစီအစဉ်တွင် မပါဝင်တော့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အရေးကြီးတဲ့ အခန်းကဏ္ဍတွေ ဖြတ်ထားတဲ့အခါကျတော့ ဒီမူဝါဒကြီးကို လူထုကို ထွက်ပြောနေလည်း ဘာမှအဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ လူထုလည်း သဘောပေါက်မှာ မဟုတ်ဘူး” ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ နိုင်ငံပိုင်ရုပ်သံ၊ ရေဒီယိုများမှတစ်ဆင့် ဟောပြောမဲဆွယ်ခွင့်ကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ခွင့်ပြုပေးမည်ဖြစ်ပြီး ပါတီများအနေဖြင့် ဟောပြောတင်ပြရာတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေသည့် ဟောပြောမှု အပါအဝင် အချက်ကိုးချက်ပါ တားမြစ်ချက်များကို လိုက်နာဟောပြောရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်သည်။

အဆိုပ ါကော်မရှင်၏ ကြေညာချက်တွင် ပါတီများ တင်ပြလာသည့် ဟောပြောမည့် စာမူများကို လိုအပ်သလို စိစစ်ပြီး ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ရေးသားစေပြီး ခွင့်ပြုမိန့်ထုတ်ပေးခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

လက်ရှိတွင် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေသည့်အတွက် လွတ်လပ်စွာ ရေးသား၊ ထုတ်ဖော်၊ ပြောဆိုပိုင်ခွင့်ရှိပြီး အဆိုပါ အခွင့်အရေးများကို လိုက်လံပိတ်ပင်ခြင်းအပေါ် ကော်မရှင်အနေဖြင့် ဆင်ခြင်သုံးသပ်ရန် ဦးဒေးဗစ်လှမြင့်က တိုက်တွန်းသည်။

သစ်ခုတ်သမားတို့ပါတီဟု ကြွေးကြော်သော UNDP ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ကို အခြေခံပြီး နိုင်ငံရေးနှင့် တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူများ ဝန်းရံမှုဖြင့် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် ပါတီစတင် တည်ထောင်ခဲ့သည်။

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ  မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်လည်းဖြစ်သည်။

UNDP ပါတီမတိုင်မီ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီနှင့် ရခိုင့် ဦးဆောင်ပါတီတို့လည်း ၎င်းတို့ပါတီ မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ ဖြတ်တောက်ခံရမှုကြောင့် နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှု အစီအစဉ်၌ ပါဝင်မည် မဟုတ်ကြောင်း ကြေညာထားရာ မဲဆွယ်မိန့်ခွန်း တည်းဖြတ်ခံရ၍ နိုင်ငံပိုင်ရုပ်သံ အသုံးပြုခြင်း မရှိသည့် နိုင်ငံရေးပါတီ လေးပါတီ ရှိလာခဲ့သည်။

ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ကရင်အမျိုးသားပါတီနှင့် ထားဝယ်တိုင်းရင်းသားများ ပါတီတို့၏ ပြည်သူကို ဟောပြောတင်ပြမည့် မဲဆွယ်မိန့်ခွန်းများလည်း ဖြတ်တောက်ခံရပြီး လက်ရှိ COVID-19 ကန့်သတ်ချက်များနှင့် အခြားအခက်အခဲ အချို့ကြောင့် နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှုအစီအစဉ်ကို ဆက်လက်ပါဝင်ခဲ့ကြောင်း ယင်းပါတီ တာဝန်ရှိသူများက ပြောကြားသည်။

နိုင်ငံရေးပါတီအချို့၏ မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ ဖြတ်တောက်ခံရခြင်းအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ထံ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်မရခဲ့ပေ။

 


READ NEXT
Cancel OK