Top News

ဒုတိယအကြိမ် မဲစာရင်း ကြေညာချက်အရ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် မဲဆန္ဒရှင်ဦးရေ တစ်သိန်းနှစ်သောင်းကျော် ပိုလာကြောင်း သိရ
24htopnews | July 29, 2024 3:13 PM CST

ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာချက်အရ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် မဲဆန္ဒရှင်ဦးရေ တစ်သိန်းနှစ်သောင်းကျော် ပိုလာကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သတင်းရရှိသည်။

အောက်တိုဘာ ၁ ရက်တွင် ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မဲဆန္ဒရှင် ၁၂၀၇၈၁ ဦး တိုးလာကြောင်း သိရသည်။

ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲစာရင်းများအရ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၃၁၄၀၆၂၁ ဦးရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင် ၃၅၄၄၉၇၉ ဦးရှိရာမှ ၂၀၂၀ ပြည့်နှစ် ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်ပေါင်း  ၃၆၆၅၇၆၀ ဦး ရှိခဲ့သဖြင့် ဒုတိယအကြိမ် ကပ်ထားကြေညာရာတွင် လူဦးရေပေါင်း ၁၂၀၇၈၁ ဦး တိုးလာကြောင်း သိရသည်။၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်မည်ဆိုလျှင် မဲဆန္ဒရှင်ဦးရေပေါင်း ၅၂၅၁၃၉ ဦး တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးရေးရာ ခုနစ်မျိုးအလိုက် တိုးလာသော စာရင်းများမှာ ဗမာတိုင်းရင်းသား၌ ၅၇၂၂၉ ဦး၊ ကချင်တိုင်းရင်းသားတွင် ၃၀၆၈ ဦး၊ လီဆူ တိုင်းရင်းသားတွင် ၁၈၂၈ ဦး၊ လားဟူတိုင်းရင်းသားတွင် ၂၇၃၃ ဦး၊ အင်းသားတိုင်းရင်းသားတွင်  ၂၅၈၆ ဦး၊ အာခါတိုင်းရင်းသားတွင် ၃၆၉၄ ဦးတိုးလာပြီး ကယန်းတိုင်းရင်းသား တွင် ၇၃၁ ဦး လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပထမအကြိမ် မဲစာရင်းကပ်ထား ကြေညာရာတွင် မပါဘဲ ဒုတိယအကြိမ်တွင် တိုးလာသည့် ဦးရေမှာ ၁၂၀၇၈၁ ဦး ရှိကြောင်း သိရသည်။ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာရာတွင် ရှမ်းပြည်နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ဦးရေပေါင်း ၃၆၆၅၇၆၀ ဦးရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင်သုံးခု၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခရိုင်ခုနစ်ခုနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ခရိုင်သုံးခုတို့ရှိ ပြည်နယ်ချုပ်အားဖြင့် အခြေခံမဲဆန္ဒရှင်အင်အား စာရင်းမှာ စုစုပေါင်း ၃၆၆၅၇၆၀ ဦးရှိကြောင်း သိရသည်။

“အခု ဒုတိယအကြိမ် မဲစာရင်းဟာ ပထမအကြိမ် မဲစာရင်းထက်ကို မဲဆန္ဒရှင်လူဦးရေ စာရင်းကတော့ တစ်သိန်းနှစ်သောင်းကျော် တိုးလာတာပေ့ါ” ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထင်ကျော်က ပြောကြားသည်။

ရှမ်းပြည်နယ်တွင် နိုင်ငံရေးပါတီပေါင်း ၃၂ ပါတီရှိရာ တိုင်းရင်းသား ပါတီပေါင်း ၁၉ ပါတီရှိပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၀၃၇ ဦး လျှောက်လွှာတင်ထားရာတွင် လျှောက်လွှာစာရင်း ပယ်ဖျက်ခဲ့သူနှင့် စိစစ်ပယ်ဖျက်ခဲ့သူပေါင်း ၂၀ ရှိကာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၀၁၇ ဦး ကျန်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ များစာရင်းမှာ (၁) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ (၂) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ (၃) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ (၄) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ (၅) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ (၆) ပြည်ထောင်စု  ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ (၇) ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ (၈) ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီ (၉) အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၀) အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ (၁၁) လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၂) ၀ အမျိုးသားပါတီ၊ (၁၃) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ (၁၄) ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ (၁၅) တအာင်း(ပလောင်) အမျိုးသားပါတီ၊ (၁၆) ကချင်အမျိုးသားပါတီ၊ (၁၇) ကယန်းအမျိုးသားပါတီ၊ (၁၈) အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၉) လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၂၀) လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ (၂၁) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ (၂၂) ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ (၂၃) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ (၂၄) ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ (၂၅) အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ (၂၆) အမျိုးသား တိုးတက်ရေးပါတီ၊ (၂၇) မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ၊ (၂၈) အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ (၂၉) ပြည်သူ့ပါတီ၊ (၃၀) မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ (၃၁) ပြည်သူ့ရှေ့ဆောင်ပါတီ၊ (၃၂) အမျိုးသား တိုးတက်မြင့်မားရေး ပါတီတို့ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK