Top News

ဘန်ကောက်၊ စင်ကာပူ၊ ဆိုးလ်နှင့် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးများတွင် ကြိုတင်ဆန္ဒမဲပေးမည့် ပြည်ပရောက် မဲဆန္ဒရှင် လေးသောင်းကျော်၏ ဆန္ဒမဲလက်မှတ်များကို ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်
24htopnews | July 29, 2024 3:13 PM CST

ဘန်ကောက်၊ စင်ကာပူ၊ ဆိုးလ်နှင့် ကွာလာလမ်ပူမြို့များရှိ မြန်မာသံရုံးများတွင် ကြိုတင်ဆန္ဒမဲပေးမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုမှ ပြည်ပရောက် မဲဆန္ဒရှင် ၄၃၄၂၂ ဦး၏ ကြိုတင်ဆန္ဒမဲ လက်မှတ်နှင့် စာအိတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနထံ စက်တင်ဘာ ၂၄ ရက်က လွှဲပြောင်းပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

အစိုးရ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသည့် ပြည်ပရောက်ကြိုတင်မဲပေးခွင့်ရှိသူများ၏ ကြိုတင်မဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနထံ ယခုလွှဲပြောင်းမှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နှင့် ၂၃ ရက်က ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက်က ကြိုတင်မဲပေးခွင့်ရှိသူ ၂၀၄၂၆ ဦးအတွက် ဒုတိယအကြိမ် လွှဲပြောင်းမှုသည်လည်း ဘန်ကောက်၊ စင်ကာပူ၊ ဆိုးလ်နှင့် ကွာလာလမ်ပူမြို့များရှိ မြန်မာသံရုံးများတွင် ကြိုတင်ဆန္ဒမဲပေးမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုမှ မဲဆန္ဒရှင်များ၏ ကြိုတင်မဲလက်မှတ်နှင့်  စာအိတ်များဖြစ်ကြောင်း ကော်မရှင်ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေး နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် လျှောက်ထားလာသည့် ပုံစံ (၁၅) လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ်များက ဆန္ဒမဲပေးခွင့် ရှိ မရှိ စိစစ်ပြီးနောက် သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများထံ ပေးပို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပထမအကြိမ် လွှဲပြောင်းပေးခဲ့သည့် ဆန္ဒမဲပေးခွင့်ရှိသူ ၁၈၈ ဦးမှာ ရုံး ၁၀ ရုံးမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ကြောင်းသာ ဖော်ပြထားပြီး မည်သည့်ရုံးများဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် မပါရှိပေ။

ထို့ကြောင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က နိုင်ငံခြားရေးဝန်ကြီးဌာနထံ သုံးကြိမ်မြောက်  လွှဲပြောင်းပေးပို့သည့် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ၏ ဆန္ဒမဲလက်မှတ်နှင့် စာအိတ်စုစုပေါင်းမှာ ၆၄၀၃၆ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် နိုင်ငံပြင်ပရောက်ရှိနေ၍ ကြိုတင်မဲပေးနိုင်ရန် ပုံစံ (၁၅) လျှောက်လွှာ တောင်းခံသည့် အရေအတွက်သည် သြဂုတ် ၁၉ ရက်အထိ ၁၀၉၄၇၀ စောင်ရှိသည်။

ထိုသို့ကြိုတင်မဲပေးနိုင်ရန် မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၄၅ ရုံးမှတစ်ဆင့် ပေးပို့လာသော ပုံစံ (၁၅) လျှောက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ သြဂုတ် ၁၄ ရက်က ပထမအကြိမ်အဖြစ် ၄၆၃၁၇ စောင်၊ သြဂုတ် ၁၈ ရက်က ဒုတိယအကြိမ်အဖြစ် ၃၈၁၆ စောင်နှင့် သြဂုတ် ၁၉ ရက်က တတိယ အကြိမ်အဖြစ် ၅၉၃၃၈ စောင်တို့ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

သို့သော် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ မဲစာရင်းတွင် မပါဝင်သောကြောင့် မဲစာရင်း ထည့်သွင်းပေးရန် မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၄၅ ရုံးမှတစ်ဆင့်  နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့လျှေက်ထားလာသည့် ပုံစံ (၃) လျှောက်လွှာ စုစုပေါင်း ၃၇၈၂ စောင်ရှိကြောင်း သိရသည်။

အသက် ၁၈ နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားဖြစ်သော်လည်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ မဲစာရင်းတွင် အမည်စာရင်းပါဝင်ခြင်းမရှိလျှင် ရွေးကောက်ပွဲနည်းဥပဒေပါပုံစံ (၃) ဖြင့် ပြန်လည်လျှောက်ထားရပြီး အမည်စာရင်း ပါဝင်မှသာ  ပြည်ပရောက်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအနေဖြင့်  ပုံစံ ၁၅ ဖြင့် ကြိုတင်မဲပေး နိုင်မည်ဖြစ်သည်။

 


READ NEXT
Cancel OK