Top News

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကယန်းအမျိုးသားပါတီနှင့် ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ တို့ ပူးပေါင်းပြီး ကရင်နီလူငယ်များက ဝန်းရံကာ မဲဆွယ်စည်းရုံးမှုပြုလုပ်
24htopnews | July 29, 2024 3:13 PM CST

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ကျေးရွာမျာသို့ မဟာမိတ်ပါတီများဖြစ်သည့် ကယန်းအမျိုးသားပါတီ (KNP) နှင့် ကယားဒီမိုကရက်တစ်ပါတီ (KySDP) တို့ ပူးပေါင်းပြီ ကရင်နီလူငယ် ၁၀၀၀ ခန့်က ဝန်းရံကာ စက်တင်ဘာ ၂၅ ရက်တွင် မဲဆွယ်စည်းရုံးရေးဆင်းကြသည်။

ကရင်နီလူငယ်များမှာ ဒီးမော့ဆိုမြို့ ငွေတောင်ဆည်မှ တောင်ကုန်းတောင်တန်းထူထပ်သော ဒေါတမကြီး တောင်တန်းများပေါ်ရှိ ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက် သွားရောက်ပြီး မဲဆွယ်စည်းရုံးရေးအတွက် ဝန်းရံလှည့်လည်ကြကာ ဒေသခံများအား ပါတီအကြောင်း ရွေးကောက်ပွဲကတိများအကြောင်း ဟောပြောခဲ့သည်။

“ဒီမှာရှိတဲ့ လူထုအင်အားနဲ့ ပါတီနှစ်ခုရဲ့ အောင်နိုင်ရေးကို ကျွန်တော်တို့ စွမ်းစွမ်းတမံ ဆောင်ရွက်ကြဖို့လိုပါတယ်။ အဓိကက ကျွန်တော်တို့ရဲ့ရိုးရာဓလေ့တွေ။ ကျွန်တော်တို့ရဲ့ စာပေယဉ်ကျေးမှုတွေ။ ကျွန်တော်တို့ယုံကြည်ရာကိုးကွယ်ရာတွေ ပျောက်ပျက်မသွားဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင် ထလုပ်ရမယ့်အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ ရိုးရာယဉ်ကျေးမှုလို့ပြောရင် ကျွန်တော်တို့က တိုက်ပုံတွေနဲ့မလိုက်ပါဘူး။ တိုက်ပုံအနီနဲ့လည်းမလိုက်ဘူး။ တိုက်ပုံအဖြူနဲ့လည်းမလိုက်ပါဘူး။ ကျွန်တော်တို့ ဖားစည်အဆင်အယင်တွေပါတဲ့ ဟာနဲ့ပဲ လိုက်တယ်ဆိုတာ ပြောပြလိုပါတယ်။ ကျွန်တော်တို့ ပြည်သာဖို့ ကျွန်တော်တို့ဖားစည်သံမြည်ဖို့ နိုဝင်ဘာလ ၈ ရက်နေ့မှာ တီးခတ်ကြဖို့လိုတယ်” ဟု ကရင်နီလူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သော ခွန်းသောမတ်စ်က ငွေတောင်ဆည် ဟောပြောပွဲတွင်ပြောကြားသည်။

ကရင်နီလူငယ်အင်အားစုများမှာ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် ဝန်းရံ၍ လုံခြုံရေးတာဝန်များ၊ ဌာနေတိုင်းရင်းသားဘာသာစကား စကားပြန်တာဝန်နှင့် မဲရုံစောင့်ကြည့်လေ့လာရေး တာဝန်များအား ကူညီပေးခဲ့ကြသူများဖြစ်ကြောင်းသိရသည်။

''ကျွန်တော် ကတိပြုချင်ပါတယ်။ ကျွန်တော်တို့အနိုင်ရမယ်ဆိုရင် ကျွန်တော်တို့ပါတီက သူခိုးပါတီ မဖြစ်စေရပါဘူးလို့ ကတိပြုပါတယ်။ နောင်တမရစေရဘူးလို့လည်း ကျွန်တော်ကတိပြုပါတယ်'' ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ခူးသဲရယ်က ငွေတောင်ဆည် ဟောပြောပွဲတွင် ပြောကြားသည်။

ကရင်နီလူငယ်အင်အားစုများတွင် ကယား၊ ကယန်း၊ ကယော၊ ကော်ယော်၊ မနုမနော၊ ဂေခိုဂေဘား၊ ယင်းတလဲနှင့် ကရင်လူမျိုးများပါဝင်ကြပြီး ပြည်နယ်တွင်း၌ ပြည်နယ်အစိုးရနှင့် NLD ပါတီဝင်များပါဝင်သော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူသည့်ပဋိပက္ခအတွင်း တရားစွဲခံရခြင်း၊ ထောင်ဒဏ်ကျခံရခြင်းများ ခံခဲ့ရသူများပါရှီသည်။

ဒီးမော့ဆိုမြို့နယ်တွင် မဟာမိတ်ပါတီများဖြစ်သဖြင့် မဲဆန္ဒနယ်ခြောက်နေရာတွင် ကယန်းအမျိုးသားပါတီမှ နှစ်နေရာနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ လေးနေရာ ပါဝင်ကြမည်ဖြစ်ပြီး တောင်ယာလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်ကြသည့် ဌာနေတိုင်းရင်းသား ကယားနှင့် ကယန်းလူမျိုးများ အများဆုံးနေထိုင်ကာ လူဦးရေ ခုနှစ်သောင်းခန့်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၆၃၉၁ ဦးရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK