Top News

ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ အကယ်ဒမီလူမင်း၊ တေးသံရှင်စောဖိုးခွားတို့အား ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များကန့်ကွက်ကြောင်း လူမှုကွန်ရက်တွင်ဖော်ထုတ်
24htopnews | April 11, 2024 4:12 AM CST

ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ အကယ်ဒမီလူမင်း၊ တေးသံရှင်စောဖိုးခွားတို့အား ဖမ်းဆီးထိန်းသိမ်းထားခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်းကို ရုပ်ရှင်နှင့်ဂီတအနုပညာရှင်များက လူမှုကွန်ရက်စာမျက်နှာများထက်တွင် ရေးသားဖော်ပြခဲ့ကြသည်။ စစ်တပ်မှ အာဏာစတင်ရယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင်ပင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရခြင်း ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ယင်းနေ့တွင်ပင် တေးသံရှင်စောဖိုးခွားကိုလည်း ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာထက်တွင် ရေးသားဖော်ပြလျက်ရှိသည်။ အာဏာရယူထားမှုကိုဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့သည့် အကယ်ဒမီလူမင်းအား ပုဒ်မ ၅၀၅ (က)ဖြင့် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ထားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များအား ဖမ်းဆီးထိန်းသိမ်းထားခြင်း အပေါ်ကန့်ကွက်ကြောင်းများကို ထင်ရှားသည့်အနုပညာရှင် အများအပြားက လူမှုကွန်ရက်စာမျက်နှာများထက်တွင်ရေးသားကာ ဖော်ပြပေးလျက်ရှိသည်။ အခြားသောအနုပညာရှင်အချို့အားလည်း သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်ထားကြောင်းကို ထုတ်ပြန်ကြေညာထားသည်။ အကယ်ဒမီလူမင်းအား ရာဇဝတ်သားကဲ့သို့ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းကို ကန့်ကွက်ကြောင်းကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ကြေညာထားကာ ယင်းထုတ်ပြန်ချက်ကိုလည်း အနုပညာရှင်များက ပြန်လည်မျှဝေပေးလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK