Top News

Miss Universe Myanmar ကိုယ်စားပြုအလှမယ် သူဇာဝင့်လွင် ရက်အလိုက်လုပ်ဆောင်လျက်ရှိသည့် လူထုလှုပ်ရှားမှုတွင် ပါဝင်ဆန္ဒထုတ်ဖော်
24htopnews | April 11, 2024 4:12 AM CST

Miss Universe Myanmar ကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်သည် ရက်အလိုက် လူထုလှုပ်ရှားမှုများတွင် ပါဝင်ဆန္ဒထုတ်ဖော်လျက်ရှိပြီး ပြည်ပသတင်းမီဒီယာ အချို့တွင်လည်း ဖော်ပြခံရခြင်းများရှိခဲ့သည်။ အလှမယ် သူဇာဝင့်လွင်သည် ဖေဖော်ဝါရီ ၇ ရက်တွင်စတင်ခဲ့သည့် လူထုလှုပ်ရှားမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ လူထုလှုပ်ရှားမှုများတွင်ပါဝင်သူများအတွက် အစားအသောက်များ ဝေငှလှူဒါန်းခြင်း၊ လူမှုကွန်ရက်စာမျက်နှာထက်တွင် အင်္ဂလိပ်ဘာသာဖြင့်ရေးသားကာ အခြားသောနိုင်ငံအသီးသီးမှ ပိုမိုသိရှိလာစေရန်မျှဝေပေးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။ Miss Universe ပြိုင်ပွဲအတွက်ရွေးချယ်ထားသည့် နိုင်ငံအလိုက် ကိုယ်စားပြုအလှမယ်အချို့မှလည်း မြန်မာကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်နှင့်အတူ မြန်မာနိုင်ငံသားများ၏ သဘောထားဆန္ဒများကို ပိုမိုသိရှိလာစေရန် မျှဝေပေးခြင်းအချို့လုပ်ဆောင်ခဲ့ကြသည်။

အလှမယ်သူဇာဝင့်လွင်သည် ၂၀၂၀ နှစ်ကုန်ပိုင်းတွင်ကျင်းပခဲ့သည့် Miss Universe Myanmar အလှမယ်ရွေးချယ်ပွဲတွင် Winner ရရှိထားသည့် နိုင်ငံကိုယ်စားပြုအလှမယ်ဖြစ်ပြီး သရုပ်ဆောင်မော်ဒယ်လ်မေ၏ ညီမလည်းဖြစ်သည်။ Miss Universe ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကာ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်မှအာဏာရယူထားပြီးနောက် လူထုလှုပ်ရှားမှုများတွင်ပါဝင်ဆန္ဒထုတ် ဖော်နေခြင်းဖြစ်သည်။ ယင်းသို့ဆန္ဒထုတ်ဖော်ရာတွင် ဖမ်းဆီးထားသည့် နိုင်ငံခေါင်းဆောင်များကိုပြန်လွှတ်ပေးရန်၊ ရွေးကောက်ခံထားရသည့် ကိုယ်စားလှယ်များကိုအာဏာလွှဲပြောင်းပေးရန်၊ CDM တွင်ပါဝင်ပေးကြရန် စသည့်အချက်များကို ထုတ်ဖော်တောင်းဆိုနေခြင်းဖြစ်သည်။ အလှမယ်သူဇာဝင့်လွင်သည် လူမှုကွန်ရက်စာမျက်နှာထက်တွင်လည်း လူထုလှုပ်ရှားမှုတွင် ပါဝင်သူများအတွက် သတင်းအချက်အလက်များမျှဝေပေးလျက်ရှိကြောင်း သိရသည်။ Miss Universe Myanmar အလှမယ်သူဇာဝင့်လွင်၏ လူထုလှုပ်ရှားမှုများတွင်ပါဝင်နေမှုများအား ပရိသတ်များကလည်း အားပေးဝန်းရံလျက်ရှိကြသည်။ လူထုလှုပ်ရှားမှုများတွင် နယ်ပယ်အသီးသီးမှ အနုပညာရှင်များ၊ ထင်ရှားသူများလည်းပါဝင်နေခြင်းဖြစ်ကာ ဆန္ဒထုတ်ဖော်ခြင်း၊ CDM တွင် ပါဝင်ကူညီပေးရန်အားပေးခြင်း၊ လိုအပ်သည့်နေရာများတွင် ကူညီလှူဒါန်းပေးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကာ အလှမယ်သူဇာဝင့်လွင်လည်း တတ်အားသရွေ့ပါဝင်နေခြင်းဖြစ်သည်။


READ NEXT
Cancel OK