Top News

ဂီနီနိုင်ငံရှိ ဘောလုံးပြိုင်ပွဲတွင် ဒိုင်လူကြီး၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကြောင့် ပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းဖြစ်ပွားရာမှ အနည်းဆုံး လူ ၅၆ ဦး သေဆုံး
24htopnews | December 4, 2024 1:12 PM CST

 

ဂီနီနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဘောလုံးပြိုင်ပွဲတစ်ခုတွင် ဒိုင်လူကြီး၏ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းဖြစ်ပွားရာမှ အနည်းဆုံး လူ ၅၆ ဦး သေဆုံးခဲ့ကြောင်း ဂီနီအစိုးရက ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက်က ဂီနီနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Nzerwkore မြို့၌ ကျင်းပသည့် သမ္မတ ဒွန်ဘူယာအတွက် ဂုဏ်ပြုဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပွဲကစားချိန် ၈၂ မိနစ်တွင် ဒိုင်လူကြီး က အဝေးကွင်းလာရောက်ကစားသည့် Labe အသင်းမှ ကစားသမားနှစ်ဦးကိုထုတ်ပယ်၍ အငြင်းပွားဖွယ် ပယ်နယ်တီသတ်မှတ်ပေးခဲ့သည်။ ထို့နောက် Labe အသင်းပရိသတ်များက ကျောက်ခဲများဖြင့် စတင်ပစ်ပေါက်ခဲ့ပြီး ကွင်းအတွင်းပြေးဝင်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဓာတ်ငွေ့အသုံးပြု၍ လူစုခွဲရှင်းလင်းသောကြောင့် ထွက်ပြေးစဉ် ယင်းကဲ့သို့ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

အစိုးရ၏ထုတ်ပြန်မှုတွင် အနည်းဆုံး လူ ၅၆ ဦးသေဆုံးကြောင်း ဖော်ပြထားသော်လည်း သေဆုံးသူအရေအတွက်မှာ ၁၀၀ နီးပါးအထိရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ဂီနီဝန်ကြီးချုပ် အူရီဘာက ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်ကြောင်းနှင့် ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးတွင် ကျန်ရစ်သူများနှင့် ထပ်တူဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်၍ ပြောကြားသည်။

"ဆေးရုံထဲမှာ အလောင်းတွေတန်းစီနေတာကိုမြင်ရတာ မျက်စိတစ်ဆုံးပဲ။ တခြားသူတွေကလည်း ကြမ်းပြင်ပေါ်မှာ လဲနေကြတယ်။ အားလုံးအပြည့်ပါပဲ"ဟု အမည်မဖော် လိုသည့် ဆရာဝန်တစ်ဦးက AFP သတင်း ဌာနသို့ ပြောကြားခဲ့သည်။ မျက်မြင်သက်သေတစ်ဦးကလည်း "ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်ကနေ အားလုံးစတင်ခဲ့ရတာပါ။ နောက်တော့ ပရိသတ်တွေက ကွင်းထဲကိုပြေးဝင်လာကြတယ်" ဟု ဆိုသည်။

လူမှုမီဒီယာတွင်ပျံ့နှံနေသည့် ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများအရ ကွင်းအပြင်ဘက်၌ ဖရိုဖရဲဖြစ်နေသည့်မြင်ကွင်းများကို တွေ့မြင်ရပြီး လူအုပ်ကြီးက နံရံများကိုကျော်တက်ရန် ကြိုးပမ်းနေသလို မြေပြင်ပေါ်တွင်လည်း ရုပ်အလောင်းအများအပြား တွေ့ရှိရကြောင်း၊ မြေပြင်ပေါ်တွင် တုံ့ပြန်မှုမရှိဘဲ လဲလျောင်းနေသူများအနက်မှ အချို့မှာ ကလေးငယ်များဟု ယူဆရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။ ယခုဖြစ်ရပ်ကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အာဖရိက ဘောလုံးအဖွဲ့ချုပ် နှင့် ဂီနီဘောလုံးအဖွဲ့ချုပ်တို့ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဂီနီအပါအဝင် အီသီယိုးပီးယား၊ ဂမ်ဘီယာ၊ ချက်ဒ်၊ ဆီယာရာလီယွန်စသည့် အာဖရိကနိုင်ငံများရှိ ဘောလုံးကွင်းများမှာ စံချိန်စံညွှန်းကိုက်ညီမှုမရှိသဖြင့် နိုင်ငံတကာပွဲစဉ်ကျင်းပခွင့် ပိတ်ပင်ခံထားရကြောင်း သိရသည်။ ထို့ကြောင့် ဂီနီအသင်းအနေဖြင့် အာ ဖရိကနိုင်ငံများဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်များကို အိုင်ဗရီကို့စ်နိုင်ငံ၌ သွားရောက်ကျင်းပခဲ့ရသည်။


READ NEXT
Cancel OK