Top News

အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအား တရုတ်၏ထုတ်လုပ်မှုစွမ်းရည်ကို ပစ်မှတ်ထားသော ပို့ကုန်ကန့်သတ်ချက်အသစ်များကို အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်
24htopnews | December 4, 2024 1:12 AM CST

အမေရိကန်ပြည်ထောင်စုက အဆင့်မြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများအား တရုတ်၏ ထုတ်လုပ်မှုစွမ်းရည်ကို ပစ်မှတ်ထားသော ပို့ကုန်ကန့်သတ်ချက်အသစ်များကို ဒီဇင်ဘာ ၂ ရက်တွင် ကြေညာခဲ့ရာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံတို့ပြိုင်ဆိုင်မှု နက်ရှိုင်းလာစဉ် တရုတ်ထံမှ အလျင်အမြန် ပြစ်တင်ရှုတ်ချမှု ရှိလာခဲ့သည်။

ယခု လုပ်ဆောင်ချက်သည် AI နှင့် အဆင့်မြင့်လက်နက်စနစ်များအတွက် အသုံးပြုနိုင်သော နောက်ဆုံးပေါ်ချစ်ပ်(Chip)များကို တရုတ်သို့တင်ပို့ခြင်းအား ကန့်သတ်ရန် ၀ါရှင်တန်၏ကြိုးပမ်းလုပ်ဆောင်မှုများကို တိုးချဲ့မှုဖြစ်လာခဲ့သည်။

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ပြန်မလာမီသီတင်းပတ်အနည်းငယ်အတွင်း အထက်ပါ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒေါ်နယ်ထရန့်သည် တရုတ်ကို ရန်လိုသောသဘောထားများ ပိုထားလာမည်ဟု မျှော်လင့်ရသည်။

“အမေရိကန်ပြည်ထောင်စုဟာ ကိုယ့်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ နည်းလမ်းတွေနဲ့ကိုယ့်နည်းပညာတွေကို ကိုယ့်ရဲ့ပြိုင်ဘက်တွေ အသုံးပြုတာကို ကာကွယ်ထားဖို့ ထူးခြားတဲ့ အဆင့်တွေကို ချမှတ်လိုက်တာဖြစ်ပါတယ်”ဟု အမျိုးသားလုံခြုံရေး အကြံပေးဂျိတ်ဆူလီဗန်က ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

၀ါရှင်တန်သည် မိမိ၏အမျိုးသားလုံခြုံရေးအားနည်းစေရန် မိမိတို့၏အဆင့်မြင့် နည်းပညာများနှင့်တတ်သိပညာတို့ကို အသုံးပြု၍မရအောင် ယင်းနည်းပညာတို့ကို ကာကွယ်စောင့်ရှောက်ရန် အပြောင်းအလဲဖြစ်အောင်လုပ်ခြင်းအားဖြင့်လည်းကောင်း၊ တွန်းတွန်းတိုက်တိုက်လုပ်ခြင်းအားဖြင့် လည်းကောင်းမဟာမိတ်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆူလီဗန်က ဖြည့်စွက်ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံကလည်း မိမိ၏အကျိုးစီးပွားများကို ကာကွယ်သွားမည်ဟု ဒီဇင်ဘာ ၂ ရက်တွင် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် ပို့ကုန်ထိန်းချုပ်ရေး အစီအမံများကို အလွဲသုံးစားလုပ်နေပြီး ပုံမှန် စီးပွားရေးနှင့်ကုန်သွယ်ရေးဖလှယ်မှုများကို အဟန့်အတားများဖြစ်အောင်လုပ်နေသည်ဟု ဆိုသည်။

နောက်ဆုံးထုတ်ပြန်ခဲ့သည့် ပို့ကုန်ထိန်းချုပ်ရေးစာရင်းတွင် တရုတ်ချစ်ပ် ထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် Piotech နှင့် SiCarrier တို့အပါအဝင် ကုမ္ပဏီ ၁၄၀ ထံ ရောင်းချမှုပိတ်ပင်ခြင်းတို့ ပါဝင်လာခဲ့သည်။  နောက်ထပ် ခွင့်မပြုချက်မပါဘဲ ယင်းကုမ္ပဏီများထံ ရောင်းချခြင်းမပြုရဟု ဖော်ပြထားသည်။

၎င်းတို့သည် ချစ်ပ်ထုတ်လုပ်ရေးပစ္စည်းကိရိယာများကို ထုတ်လုပ်နေသော Natura Technology ကိုလည်း အကျိုးသက်ရောက်မှုရှိသည်ဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အခြားကုမ္ပဏီများထဲတွင် ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူတို့က ကုမ္ပဏီများပါဝင်နေသည်။ ချစ်ပ်ထုတ်လုပ်သော ပစ္စည်းကိရိယာအမျိုးအစား နှစ်ဒါဇင်ကို ထိန်းချုပ်မှုများလုပ်ဆောင်ခြင်းနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရေးအတွက် ဆော့ဝဲသုံးမျိုးကို ကန့်သတ်ခြင်းတို့ ပါဝင်သည်။           

Ref: AFP

 

 


READ NEXT
Cancel OK