ရုရှားကို တရုတ်၏ထောက်ခံမှုက ဆက်ဆံရေးများကို အကျိုးသက်ရောက်စေလိမ့်မည်ဖြစ်ပြီး တရုတ်အနေဖြင့် ယူကရိန်းပဋိပက္ခအဆုံးသတ်စေရေးကိုကူညီရန် ဒီဇင်ဘာ ၂ ရက်တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးအန် နာလီနာဘဲဘော့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကို တိုက်တွန်းပြောကြားခဲ့သည်။
ရက် ၁,၀၀၀ ကြာ စစ်ပွဲက တစ်ကမ္ဘာလုံးကို အကျိုးသက်ရောက်စေပြီး ယူကရိန်းရောက် မြောက်ကိုရီးယား စစ်သားများ၏စစ်မြေပြင် အခန်းကဏ္ဍနှင့် တရုတ်လုပ်ဒရုန်းများအသုံးပြုခြင်းတို့ကို ရှုတ်ချကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ပေကျင်းမြို့တွင် ပြောကြားခဲ့သည်။
ဘဲဘော့က ယူကရိန်းအတွက် နိုင်ငံတကာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို တိုက်တွန်းခဲ့ပြီးငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် မိမိသည်ပေကျင်းမြို့ကို ရောက်လာရခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီ၏အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့အတွက် တာဝန်ရှိသည်ဟု ဘဲဘော့က ဖြည့်စွက်ပြောကြားခဲ့သည်။
“ရုရှားသမ္မတဟာ ကျွန်မတို့ဥရောပငြိမ်းချမ်းရေးအစီအစဉ်ကိဖျက်ဆီးနေရုံသာ မဟုတ်ပါဘူးအခုသူဟာ မြောက်ကိုရီးယားကတစ်ဆင့် အာရှကို ဆွဲသွင်းနေပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ဘဲဘော့က ပြောကြားခဲ့သည်။
“အဲဒါဟာ တရုတ်ရဲ့အကျိုးစီးပွားထဲမှာရှိမလာနိုင်ဘူးဆိုတာကို ကျွန်မနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နက်နက်ရှိုင်းရှိုင်းဆွေးနွေးခဲ့ပါတယ်”ဟု ဂျာမနီနိုင်ငံခြားရေးဝန် ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နှင့်ဂျာမနီတို့အကြားအရေးပါသော ကွဲပြားခြားနားမှုများကို ဆွေးနွေးလျက်ရှိစဉ် ဂျာမနီက တရုတ်နှင့်ပိုမိုကောင်းမွန်သော ဆက်ဆံရေးများကို တည်ဆောက်နေသော ကြောင့် မဟာဗျူဟာမြောက် အပြန်အလှန်ဆွေးနွေးမှုအတွက် တရုတ်နိုင်ငံခြားရေးဝန် ကြီးနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦး ပေကျင်းတွင် တွေ့ဆုံသည့်နေ့နှင့်တစ်ရက်တည်းတွင် ဂျာမနီဝန်ကြီးချုပ်အိုလက်ရှိုးလ်သည် ယူကရိန်းကို ရှောင်တခင်သွားရောက်ခဲ့သည်။
“ဂျာမနီရဲ့ကိုယ်ပိုင်လုံခြုံရေးနဲ့ဥရောပလုံခြုံရေးတို့ကိုအကာအကွယ်ပေးဖို့ ကျွန်မတို့ဟာ ယူကရိန်းကို အခု ထောက်ခံကြရမှာဖြစ်ပါတယ်”ဟု ဘဲဘော့က ဆက်လက်ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားကယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားသည် ဆောင်းရာသီမတိုင်မီနှင့် ဆောင်းတွင်းကာလတို့တွင် ယူကရိန်း၏ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်မှုများအဆက်မပြတ်လုပ်ဆောင် ခြင်းဖြင့် ပြည်သူများအခက်အခဲတွေ့အောင်လုပ်နေသည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောကြားထားသည်။ လျှပ်စစ်ဓာတ်အားလိုင်းများကို ပစ်မှတ်ထားခြင်းသည် ရုရှား၏မကောင်းသော နည်းဗျူဟာဖြစ်သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။ ယူကရိန်းမြို့ ကြီးများကို မှောင်အတိကျသွားအောင်လုပ်ရန်နှင့် ဆောင်းတွင်း၌ အရပ်သားပြည်သူများ အပူပေးစက်သုံးမရအောင်လုပ်ခြင်းဖြစ်သည်ဟု ယူကရိန်းကပြောသည်။
လွန်ခဲ့သောရက်ပိုင်းတွင် ယူကရိန်းကို ရုရှား၏တိုက်ခိုက်မှုများသည် အနောက်အုပ်စုက ပေးသော တာဝေးပစ်ဒုံးကျည်များဖြင့် ရုရှားနယ်မြေကို ယူကရိန်းက တိုက်ခိုက်ခြင်း အားတုံ့ပြန်မှုဖြစ်သည်ဟု ပူတင်ကပြောကြားခဲ့သည်။
ပြည်သူတစ်သန်းလျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသော တိုက်ခိုက်မှုအတွင်း ရုရှားက ယူကရိန်း၏ဓာတ်အားလိုင်းကို အဆက်မပြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ရုရှားသမ္မတဗလာဒီမာပူတင်က ကိယက်ဗ်မြို့ရှိ “ဆုံးဖြတ်ချက်ချသောဌာနများ(အစိုးရဌာနများ)”ကို ရုရှား၏ဟိုက်ပါ ဆောနစ်ပဲ့ထိန်း ဒုံးကျည်သစ်ဖြင့် တိုက်ခိုက်မည်ဟု လွန်ခဲ့သောရက်ပိုင်းတွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ထို့ကြောင့် ယူကရိန်းသမ္မတက အနောက်အုပ်စုထံမှ လက်နက်အကူအညီများ တောင်းခံထားသည်။
Ref: AFP