ထိုင်းငါးဖမ်းသင်္ဘောများကို မြန်မာရေတပ်က ပစ်ခတ်ခဲ့သည့်ဖြစ်ရပ်အား ဆန့်ကျင်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ငါးဖမ်းသမားတစ်ဦး ရေနစ်သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကာ ဒါဇင်နှင့်ချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ပေတုန်တန်၏ ပြောကြားချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်အပေါ် စိုးရိမ်ကြောင်း ပေတုန်တန်က ၎င်း၏ Facebook ပေါ်တွင် ရေးသားခဲ့သည်။
နိုဝင်ဘာ ၃၀ ရက်က ထိုင်းငါးဖမ်းသင်္ဘောတစ်စင်းနှင့် ထိုသင်္ဘောပေါ်မှ သင်္ဘောသားများကို မြန်မာအာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ထိုင်းငါးဖမ်းသမားများ ချက်ချင်းကူညီထောက်ပံ့ပေးရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် တော်ဝင်ထိုင်းရေတပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာအေဂျင်စီများကို ပေတုန်တန်က ညွှန်ကြားခဲ့သည်။
နောက်ဆုံးရအချက်အလက်များအရ မြန်မာနိုင်ငံနှင့် စစ်ရေးနှင့် သံတမန်ဆက်ဆံ ရေးလမ်းကြောင်းများမှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု ဆိုသည်။
ထို့ပြင် ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ၏ စိုးရိမ်မှုများကို တရားဝင်အသိပေးရန်အတွက် ဒီဇင်ဘာ ၂ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး တွေ့ဆုံခဲ့သည်။
ပေတုန်တန်က သေဆုံးသွားသည့် ငါးဖမ်းသမားနှင့် ဒဏ်ရာရရှိခဲ့သူများ၏ ကျန်ရစ်သူမိသားစုများကို ဝမ်းနည်းစကားပြောကြားခဲ့ပြီး ထိခိုက်နစ်နာခဲ့ရသည့် သင်္ဘောသားများအားလုံးအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
ထိုင်းအာဏာပိုင်များသည် ဖမ်းဆီးခံထားရသူများကို ဘေးကင်းလုံခြုံစွာ အိမ်ပြန်ခေါ်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေသည်ဟု ပေတုန်တန်က အတည်ပြုခဲ့သည်။
ထိုင်းငါးဖမ်းသင်္ဘောများသည် မြန်မာရေတပ်၏ ပစ်ခတ်မှုကို ခံရချိန်တွင် မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည်ဆိုသည့် သတင်းများကို ပေတုန်တန်က မေးခွန်းထုတ်ခဲ့သည်။
ထိုင်းငါးဖမ်းသင်္ဘော ၁၅ စင်းအနက် နှစ်စင်းသည် ပစ်ခတ်ခံရချိန်တွင် ထိုင်းနိုင်ငံ၏ ရနောင်းပြည်နယ်တောင်ပိုင်းအနီးရှိ မြန်မာ့ရေပိုင်နက်အတွင်းဘက် ၇ ကီလိုမီတာမှ ၁၀ ဒသမ ၆ ကီလိုမီတာအတွင်းရှိခဲ့ပြီး ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထိုင်းငါးဖမ်းသင်္ဘောများသည် မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့ခြင်း ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကိုခံရချိန်တွင် ပေတုန်တန်က “ဒါက မသေချာပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
“ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကြမ်းဖက်မှုကို ကျွန်မတို့ မထောက်ခံပါဘူး” ဟု ပေတုန်တန်က ပြောကြားခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ငါးဖမ်းသမား ၃၁ ဦးထဲတွင်ပါဝင်သည့် ထိုင်းနိုင်ငံသား လေးဦး လျင်မြန်စွာပြန်လည်လွတ်မြောက်စေရန်နှင့် ဖြစ်စဉ်၏အသေးစိတ်ကို ပိုမိုသိရှိရန် ထိုင်းအာဏာပိုင်များက ကြိုးပမ်းနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မြန်မာတပ်မတော်က မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိပေ။
ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာယာချိုင်းကမူ ထိုကဲ့သို့ အင်အားသုံးဖြေရှင်းမှုကို ဆန့်ကျင်ကြောင်း ကန့်ကွက်စာကို မြန်မာနိုင်ငံသို့ ပေးပို့ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသည့် ထိုင်းငါးဖမ်းသင်္ဘောနှင့် သင်္ဘောသားများကို ချက်ချင်းပြန်လွှတ်ပေးရန်၊ ဖြစ်စဉ်အသေးစိတ်ကို ပိုမိုထောက်ပံ့ပေးရန် တောင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီ ယမ်ပွန်ဆာကလည်း ထိုအကြောင်းအရာကို စိုးရိမ်ကြောင်း စာတစ်စောင်ကို မြန်မာအစိုးရထံပေးပို့ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ထိုင်းနိုင်ငံသားလေးဦးကို လျင်မြန်စွာ လွတ်မြောက်စေရန်နှင့် ဖြစ်စဉ်အသေးစိတ်ကို သိရှိရန် ဒီဇင်ဘာ ၂ ရက်တွင် မြန်မာသံအမတ် ကိုဆင့်ခေါ်ပြီး အစည်းအဝေးပြုလုပ်ခဲ့သည်။
ထိုင်းငါးဖမ်းလုပ်ငန်းဌာနကလည်း ထိုင်း-မြန်မာ ပင်လယ်ရေကြောင်းနယ်စပ်အနီးတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ငါးဖမ်းသင်္ဘောပိုင်ရှင်များကို သတိထားရန် တိုက်တွန်းထားသည်။
ထိုင်းနှင့်မြန်မာသည် အန်ဒမန်ပင်လယ်အပါအဝင် ကုန်းမြေနယ်စပ်နှင့် ပင်လယ်ရေကြောင်းနယ်စပ် အရှည် ၂၄၀၀ ကီလိုမီတာခန့် ထိစပ်နေသည်။
ထိုင်းငါးဖမ်းလုပ်ငန်းဌာန၏ ဝက်ဘ်ဆိုက်တွင်ကြေညာချက်အရ ထိုင်းငါးဖမ်းသင်္ဘောများသည် မြန်မာ့ရေပြင်များအတွင်း တရားမဝင်ငါးဖမ်းနေကြသဖြင့် နှစ်နိုင်ငံတင်းမာမှုမြင့်တက်စေခဲ့ကြောင်း ဖော်ပြထားသည်။