ကျောက်ဖြူ-ကူမင်း ရထားလမ်းတည်ဆောက်ရေး ပြင်ဆင်မှုများဆောင်ရွက်နေပြီး တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပြီး စီမံကိန်းတည်ဆောက်မှုအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရန်မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr.Zheng Zhihong ကပြောကြားသည်။
ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ်တွင် ဒီဇင်ဘာ ၂ ရက်ပြုလုပ်သည့် တရုတ်-မြန်မာ မီဒီယာများ တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းကထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်-မြန်မာရထားလမ်းသည် နှစ်နိုင်ငံ၏ အရေးကြီးသည့်စီမံကိန်း၊ အရေးပါသော မဟာဗျူဟာမြောက် စီမံကိန်းဖြစ်သကဲ့သို့ Belt and Road နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်မှု၏ အရေးပါသော ဖွဲ့စည်းပုံ အစိတ်အပိုင်းလည်းဖြစ်ကြောင်း၊ ရထားလမ်းစီမံကိန်း တည်ဆောက်ပြီးပါက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်လာမှုကို များစွာမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ တရုတ်ဝန်ကြီးချုပ် လီချန်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံချိန်တွင် နှစ်ဦးနှစ်ဖက်က Belt and Road ကို အရည်အသွေးမြင့် အတူတကွ တည်ဆောက်သည့် မူဘောင်အောက်တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှုကို တည်ငြိမ်စွာဖော်ဆောငရန် သဘောတူညီခဲ့ကြောင်း သံမှူးကြီးက ပြောကြားသည်။
သံမှူးကြီး Dr.Zheng Zhihong က “တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ ဆောလျင်စွာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး စီမံကိန်းတည်ဆောက်မှုအတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင် ဖန်တီးပေးဖို့ မျှော်လင့်ပါတယ်။ ဒီစီမံကိန်းတည်ဆောက်ဖို့အတွက် ပြင်ဆင်မှုများကိုလုပ်နေပါတယ်။ အခုသက်ဆိုင်ရာဌာနက အစောပိုင်းပြင်ဆင်မှုကိုလုပ်နေပါတယ်။ ခုနက ကျွန်တော်ပြောသွားသလိုပဲ ဒီစီမံကိန်းတည်ဆောက်ဖို့အတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်က အရေးကြီးပါတယ်။ အဲဒါကြောင့် ဒီစီကိန်းတည်ဆောက်ဖိုင်ဖို့ ကောင်းမွန်တဲ့ပတ်ဝန်းကျင် ဖန်တီးဖို့လိုပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ် လီချန်နှင့်တွေ့ဆုံချိန်တွင် နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာမြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး ရပ်တည်ချက်က လုံးဝပြောင်းလဲခြင်းမရှိကြောင်း၊ မြန်မာမြောက်ပိုင်းနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်ခြင်း၊ ဖော်ဆောင်ခြင်းက နှစ်နိုင်ငံလုံးအတွက် အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ မြောက်ပိုင်းဒေသ လက်နက်ကိုင်အဖွဲ့များ နှင့် မြန်မာတပ်မတော်တို့ တွေ့ဆုံပွဲငါးကြိမ်ပြုလုပ်ပြီးဖြစ်ကြောင်း သံမှူးကြီးက ပြောကြားသည်။
“တရုတ်နိုင်ငံအနေနဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲထဲမှာ သဘောတူညီခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲချက်ကို ကောင်းမွန်စွာလိုက်နာဖို့တွန်းအားပေးနေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးမှုဆက်လက်ပြုလုပ်ဖို့အတွက် ပံ့ပိုးကူညီမှုများကို အများကြီးပေးပါမယ်” ဟု သံမှူးကြီး Dr.Zheng Zhihong ကပြောကြားသည်။
ထို့အတူ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက လုံခြုံရေးကုမ္ပဏီထားရှိဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ တရုတ်သံမှူးကြီးက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ကျင့်သုံးတဲ့မူဝါဒအား ပြောင်းလဲမှုမရှိကြောင်း၊ တစ်ခြားနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ခြင်းမူကို ခိုင်မာစွာကိုင်ဆွဲထားေြ့ာင်း၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင် မတည်မငြိမ်စစ်မက်ဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်စီးစေပြီး တရုတ်နိုင်ငံအပေါ် အမည်ဖျက်အပုတ်ချသည့် မည်သည့်လှုံ့ဆော်မှုကိုမဆို ဆန့်ကျင်ပါတယ်။ လုံခြုံရေးကုမ္ပဏီသည် မြန်မာနိုင်ငံအစိုးရ ခွင့်ပြုပြီး တည်ထောင်သည့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ဥပဒေ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စီမံဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဆိုရှယ်မီဒီယာတွေမှာရေးသားနေသကဲ့သို့ မဟုတ်ကြောင်း ပြောကြားသည်။
သံမှူးကြီး Dr.Zheng Zhihong က “တရုတ်နိုင်ငံက မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူတဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရင်းနှီးတဲ့မူဝါဒကိုကိုင်စွဲပါတယ်။ နှစ်နိုင်ငံလက်တွဲပြီး ကဏ္ဍပေါင်းစုံမှာလက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းကို အရှိန်အဟုန်မြှင့်တင်ဖော်ဆောင်သွားပါမယ်။ မြန်မာနိုင်ငံရှိတဲ့ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံတဲ့စီမံကိန်းများဟာ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူနေမှုဘဝတိုးတက်ကောင်းမွန်လာစေဖို့ များစွာမြှင့်တင်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်းနဲ့ စီးပွားလုပ်ငန်းများ လုံခြုံမှုကို လက်တွေ့ကျကျကာကွယ်စောင့်ရှောက်ပေးပြီး တရုတ်-မြန်မာ အပြန်အလှန်အကျိုးဖြစ်ထွန်းတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖန်တီးပေးဖို့လိုအပ်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ-တရုတ် မီဒီယာများက လာမည့် ၂၀၂၅ ခုနှစ်တွင်ကျရောက်မည့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့်အထိမ်းအမှတ်အတွက် သတင်းမီဒီယာကဏ္ဍနှင့်ပတ်သက်၍ လှုပ်ရှားမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။