Top News

တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းခဲ့သည့် စစ်ကိုင်းမြို့ အစေခံတပ်နှင့် ကနောင်မင်းသားကြီး သံချက်ဖိုသို့ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုနည်းပါးနေ
24htopnews | November 27, 2024 6:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းခဲ့သည့် စစ်ကိုင်းမြို့ အစေခံတပ်နှင့် ကနောင်မင်းသားကြီး သံချက်ဖိုသို့ပြည်တွင်း ပြည်ပခရီးသွားဝင်ရောက်မှု နည်းပါးနေကြောင်း သိရသည်။

စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက်ရှိ အစေခံ ခံတပ်နှင့် သာစည်ရပ်ကွက်ရှိ ကနောင်မင်းသားကြီး သံချက်ဖိုတို့အား၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ကာ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးခဲ့သော်လည်း ပွင့်လင်းရာသီ ရောက်ချိန်စစ်ကိုင်းမြို့သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပခရီးသွားများသည် စစ်ကိုင်းတောင်၊ မင်းကွန်းဒေသ၊ ကောင်းမှုတော်စေတီများသို့သာ ဝင်ရောက်လည်ပတ်မှုများပြီး အစေခံခံတပ်နှင့်ကနောင်မင်းသားကြီး သံချက်ဖိုနေရာများသို့ သွား ရောက်လေ့လာမှု နည်းပါးနေကြောင်း သိရသည်။

“တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေနဲ့ ကျွန်တော်တို့စည်ပင်သာယာရေးကော်မတီရယ်၊ ရှေးဟောင်းဌာနရယ် ပူးပေါင်းပြီးအစေ ခံခံတပ်၊ သံချက်ဖိုကို ပြည်တွင်းပြည်ပခရီးသွားတွေ လေ့လာနိုင်ဖို့ ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်။ ပြီးလည်း ပြီးနေပါပြီ။ သို့သော် ဒီနေရာတွေကို ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု မရှိသလို ဖြစ်နေတယ်။တစ်ရက်ကိုသုံးလေးယောက်ပဲလာတယ်။ ကျွန်တော်တို့သုံးသပ်ချက်အရ စစ်ကိုင်းမှာ ဘယ်နေရာတွေကို ဘယ်လိုသွားလို့ ရနိုင်မယ်ဆိုတဲ့ခရီးစဉ်ကို စီစဉ်ပေးနိုင်မယ့် ခရီးသွားကုမ္ပဏီ မရှိဘူး။ ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်တွေ အကုန်တပ်ထားပေးပြီးပေမယ့် ခရီးစဉ်သတင်းအချက်အလက်ကို ပြောပြပေးမယ့် ဝန်ဆောင်မှုလုပ်ငန်းမရှိသေးတော့ ခုလုပ်ထားတဲ့ နေရာနဲ့ကျန်တဲ့ နေရာလေးတွေမှာ ခရီးသွားဝင်ရောက်မှုမရှိတာပေါ့။ ခရီးသွားတွေက စစ်ကိုင်းတောင်တက်မယ်။ မင်းကွန်းသွားမယ်၊ ကောင်းမှုတော်ဖူးမယ်။ ဒီလောက်ပဲသိတော့ ကျန်တဲ့နေရာလေးတွေကို မရောက်တော့တာ” ဟု စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

ရတနာပုံခေတ်လက်ရာ အစေခံခံတပ် နှင့် ကနောင်မင်းသားကြီးသံချက်ဖိုသည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး ခရီးသွားများ လာရောက်လေ့လာသင့်သော နေရာများဖြစ်ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရှေးဟောင်းသုသေတနဌာန၏ အနီးကပ်ကြီးကြပ်မှု နှင့် စည်ပင်သာယာရေးကော်မတီမှ အစေခံ ခံတပ်အုတ်တံတိုင်းအား ရှေးမူမပျက်မြေဝါ ဆေးသုတ်ခြင်း၊ လက်နက်တိုက် ပြုပြင်မွမ်းမံခြင်း၊ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစင်ရေကန်တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းများ သွယ်တန်ခြင်း လျှပ်စစ်မီးလိုင်းများသွယ်တန်းခြင်း၊ ဆလိုက်မီးများ တပ်ဆင်ခြင်း၊အများသုံး သန့်စင်ခန်းတည်ဆောက်ခြင်း၊ အစေခံခံတပ် အဝင်ကတ္တရာလမ်းထိပ်မှ ခံတပ်အတွင်းဘက်သို့ ချိတ်အုတ်လမ်းခင်းခြင်း၊ အစေခံခံတပ် ခံတပ်အဝင်ရှေ့မျက်နှာစာ ကတ္တရာလမ်းနှင့် အစေခံ ခံတပ်အုတ်တံတိုင်းကြား မြေခင်းအလှများ ပြုပြင်မွမ်းမံဆောင်ရွက် ခြင်းနှင့် အစေခံခံတပ် အုတ်တံတိုင်းအတွင်း ပိုင်းရှိလွတ်နေသော နေရာများတွင် မြေခင်းအလှများ ပြုပြင်မွမ်းမံဆောင်ရွက်ခြင်း၊ ကားရပ်နားရန် Car Parking ဆောင်ရွက်ခြင်း စသည့်တို့ကို ကျပ်သိန်း ၇၀၀၊ ကနောင်မင်းသားကြီး သံချက်ဖိုပတ်လည် အုတ်တံတိုင်းခတ်ခြင်း၊ ရေလိုင်း မီးလိုင်းတပ်ဆင်ခြင်း၊ အများသုံးသန့်စင်ခန်း တည်ဆောက်ခြင်းများအတွက် ကျပ်သိန်း ၆၀၀ အကုန်ကျခံ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။       


READ NEXT
Cancel OK