အစ္စရေးလုံခြုံရေး ဝန်ကြီးအဖွဲ့သည် လက်ဘနွန်တွင် အစ္စရေးနှင့်ဟစ်ဇဘိုလာဖြစ်ပွားနေသော စစ်ပွဲ၌ အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာ ၂၆ ရက်တွင် မဲခွဲမည်ဟု တာဝနရှိသူက ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် နီးစပ်နေပြီဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂတို့က အစ္စရေး-ဟစ်ဇဘိုလာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် လွန်ခဲ့သော ရက်ပိုင်းတွင် ဖိအားပေးခဲ့သည်။ အစ္စရေးနှင့်ဟစ်ဇဘိုလာသည် စက်တင်ဘာလကုန်ပိုင်းတွင် အင်အားအပြည့်သုံးသော စစ်ပွဲစတင်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ အရှိန်မြင့်တက်လာစဉ် အစ္စရေးတိုက်ခိုက်မှုများကြောင့် နိုဝင်ဘာ ၂၅ ရက်တွင်အနည်းဆုံး ၃၁ ဦးသေဆုံးခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သေဆုံးသူအများစုသည် တောင်ပိုင်းကဖြစ်သည်ဟု ဆိုသည်။
“လုံခြုံရေးဝန်ကြီးအဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၆ ရက်ညနေပိုင်းမှာ ဆုံးဖြတ်မှာဖြစ်ပါတယ်”ဟု အမည်မဖော်လိုသူ အစ္စရေးတာဝန်ရှိသူက ပြောကြားခဲ့သည်။
ဆွေးနွေးမှုများသည် တိုးတက်မှုရရှိနေသည်ဆိုသော်လည်း အချောမသတ်ရသေးဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ ဂျွန်ကာဘီက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ နီးစပ်တဲ့နေရာကို ရောက်နေပြီလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့့အဲဒီနေရာကိုတော့ ကျွန်တော်တို့ မရောက်သေးပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
အောက်တိုဘာကတည်းက အစ္စရေး-လက်ဘနွန်စစ်ပွဲတွင် အနည်းဆုံး ၃,၇၅၄ ဦး သေဆုံးခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး စက်တင်ဘာနောက်ပိုင်းတွင် အများဆုံးသေဆုံးခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။
အစ္စရေးဘက်တွင် အနည်းဆုံးစစ်သား ၈၂ ဦးနှင့်အရပ်သား ၄၇ ဦးသေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
လက်ဘနွန်၌အပစ်အခတ်ရပ်စဲရေးသည် နီးစပ်နေပြီဟု အမေရိကန်အထူးသံတ မန်အေးမော့ဟိုစတိန်က လွန်ခဲ့သောရက်ပိုင်းတွင် ပြောကြားခဲ့သည်။ ထို့နောက် အစ္စရေးတာဝန်ရှိသူများနှင့် ဆွေးနွေးရေးအတွက် ၎င်းသည် အစ္စရေးနိုင်ငံကို ထွက်ခွာလာခဲ့သည်။
လွန်ခဲ့သော သီတင်းပတ်ထဲတွင် ဘေရွတ်မြို့လယ်သည် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံခဲ့ရသည်။ မြို့တော်နယ်မြေထဲတွင် လူကိုယ်တိုင်တက်ရောက်ရသော အတန်းများကို လုံခြုံရေးအကြောင်းပြချက်များအ တွက် နိုဝင်ဘာ ၂၅ ရက်တွင် ရပ်ခဲ့သည်ဟု လက်ဘနွန်အာဏာပိုင်များကပြောကြားခဲ့သည်။
အစ္စရေးက ဂါဇာတွင် ဟားမာ့စ်ကို ထိုးစစ်ဆင်လျက်ရှိစဉ် အမေရိကန်ပြည်ထောင်စုနှင့်ပြင်သစ်တို့က လက်ဘနွန်အပစ်အခတ်ရပ်စဲရေးကိစ္စကို ဦးစီးဆောင်ရွက်ပေးလျက်ရှိသည်။ အစ္စရေးသည် လက်ဘနွန်တွင် ဟစ်ဇဘိုလာကို ဒုတိယစစ်မျက်နှာဖွင့်ကာ တိုက်ခိုက်လျက်ရှိသည်။ ဟစ်ဇဘိုလာသည် အီရန် ကျောထောက်နောက်ခံပေးထားသော အုပ်စုဖြစ်သည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် သိသိသာသာတိုးတက်မှုများရရှိခဲ့သည်ဟု ပြင်သစ်က ပြောကြားခဲ့သည်။ ဂျီ-၇ အုပ်စု ၏အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုယူထားသော အီတလီကလည်း လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေးကိစ္စနှင့်ပတ်သက်၍ အကောင်းမြင်ထားကြောင်း ပြောကြားခဲ့သည်။
အကြမ်းဖျင်း သဘောတူညီချက်တွင် ရက် ၆၀ အသွင်ပြောင်းကာလကိုထည့်သွင်းထားသည်ဟု အမေရိကန်သတင်းဌာန Axios က ဖော်ပြခဲ့သည်။
အစ္စရေးတပ်ဖွဲ့များသည် ဆုတ်ပေးရမည်ဖြစ်ပြီး လက်ဘနွန်စစ်တပ်ကမူ နယ်စပ်တွင် ပြန်လည် နေရာယူမည်ဆိုသောအချက်လည်း ပါဝင်သည်ဟုဆိုသည်။
Ref: AFP
-
အဓမ္မပြုကျင့်မှုစွဲချက် ပြစ်ဒဏ်အတွက် မက်ဂရီဂေါ် အယူခံဝင်မည်ဟု ကြေညာ
-
၂၀၁၈ ခုနှစ်အတွက် မြန်မာ့အကောင်းဆုံး အားကစားသမားဆုကို ဝူရှူးလက်ရွေးစင်များဖြစ်သည့် ငြိမ်းချမ်းကိုကိုနှင့် အေးသစ္စာမြင့် ရရှိပြီး သက်ထားသူဇာ အတိုးတက်ဆုံးအားကစားသမားဆု ဆွတ်ခူး
-
စပိန်လာလီဂါပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်
-
ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
-
အမှတ်ပေးပွဲတွင်လည်း အဝေးကွင်းနိုင်ပွဲရရန် လိုအပ်ဟု ဆိုးလ်ရှား တိုက်တွန်း