ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ပင်မရေထွက်စိမ့်စမ်းများ ခန်းခြောက်လာမှုကြောင့် ရေရှားပါးမှုနှင့် စတင်ကြုံတွေ့နေရပြီး ဒေသခံအချို့မှာ ရိဒ်ရေကန်မှရေများကို ခပ်ယူသုံးစွဲနေရကာ နွေရာသီရောက်ရှိလာပါက ယခုထက် ပိုမိုခက်ခဲလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။
“ကျွန်တော်တို့ ရိခေါဒါရ်မြို့ ရပ်ကွက် ၁ မှာက ခါတိုင်းနှစ်တွေထက်ပိုပြီး သောက်သုံးရေ အခက်အခဲရှိပါတယ်။ အခု ဇန်နဝါရီပဲ ရှိသေးတာ၊ ဒီပုံစံအတိုင်းဆိုရင်တော့ မတ်လ၊ ဧပြီလတွေမှာဆိုရင် အတော်လေးကို ဒုက္ခရောက်လိမ့်မယ့် အခြေအနေရှိပါတယ် ။ အခုတော့ မြို့ကနေငါးမိုင်လောက်ဝေးတဲ့ ရေထွက်ကနေ ပိုက်နဲ့သွယ်တာပေါ့လေ။ အဲဒါကို ရပ်ကွက်ထဲက ရေလှောင်ကန် သုံးကန်ရှိတယ် ။ အဲဒီသုံးကန်မှာ ခွဲပြီးတော့လှောင်ထားပါတယ်။ မနက်ကို ၁ နာရီ ၊ ညနေ ကို ၁ နာရီ လောက်ဖွင့်တယ် ။ ပိုက်ခေါင်းတစ်ခုကို ၁၀ အိမ်လောက်က ဝိုင်းယူကြတယ်။ ပျမ်းမျှတော့ မိသားစုတစ်စု မှာ ၁၅ ဂါလန်ကနေ ငါးဂါလန်လောက်ရတာ တွေရှိတယ်။ လောလောဆယ်တော့ ရပ်ကွက်အမှတ် ၁ မှာပဲ ဖြစ်တာ။ အမှတ် ၂ မှာတော့ ရေရှားတယ်မကြားသေးဘူး။ တချို့တလေကတော့ ရိဒ်ရေကန်မှာပဲ သွားခပ်၊ ကန်မှာပဲရေချိုး အဲဒီလိုပဲ”ဟု ရိခေါဒါရ်မြို့ အမှတ် ၁ ရပ်ကွက် မှ ဦးချန်လျန်မာက ပြောကြားသည်။
ရေအခက်အခဲကြောင့် ရိခေါဒါရ်မြို့ ဒေသခံအချို့သည် ရိဒ်ရေကန်သို့ သွားရောက်ရေခပ်ရသည်များရှိခဲ့ပြီး ဒေသခံများအနေနှင့် ရေပိုမိုရှားလာပါက ရိဒ်ရေကန်အထဲမှ ရေကိုအသုံးပြုရမည်ဟု သိရသည် ။
“ဒီနှစ်က ရေကဘယ်လို သဘောလည်း မသိဘူး။ ရေကတော်တော်ပြတ်နေတာ။ ဒီနှစ်က ချောင်းကရေ ကော ၊ မြစ်ကရေကော တော်တော်ပြတ်နေတယ် ။ ရေကန်ထဲကို တစ်ခါတလေ လာခပ်တာရှိတယ် ။ ရေသွယ်တဲ့ နေရာမှာရှင်းလိုက်ကြတော့ နည်းနည်းအဆင်ပြေကြတယ်ပြောတယ်။ ကျွန်တော်တို့ကတော့ ရေကန်ရေကိုသုံးတယ် ။ ရေကန်ကို တစ်ခါတလေ ရေလာခပ်တဲ့သူရှိတယ် ။ အမြဲတမ်းတော့ မဟုတ်ဘူး”ဟု ရိဒ်ရေကန်တွင် နေထိုင်သူ ဦးဒိန်းငါက ပြောကြားသည် ။
အဆိုပါ ရေအခက်အခဲ နှင့် ပတ်သက်၍ ရိခေါဒါရ်ဒေသခံများက နိုင်ငံတော်အကြီးအကဲများထံသို့ တင်ပြခဲ့ပြီး ရိခေါဒါရ်မြို့နှင့် မိုင်၂၀ ခန့် ဝေးကွာသည့်နေရာမှ ရေသွယ်ပေးမည်ဟု ပြောကြားခဲ့သည် ။
“အဲဒီနေရာက နည်းနည်းဝေးတော့၊ ခေါထီရွာကလည်း ကျွန်တော်တို့လိုပဲ ရေလိုအပ်တယ်။ အဲဒါဆိုတော့ နှစ်ခုဖြစ်နေတယ်။ နိုင်ငံတော်အတိုင်ပင်ခံလာတဲ့ အချိန်မှာတော့ ပြည်နယ် ဝန်ကြီးချုပ်နဲ့ နတလ ဝန်ကြီးကတော့ ကျွန်တော်တို့ကို ဦးစားပေးလုပ်ပေးပါ့မယ် ပြောပါတယ်။ ကျွန်တော်တို့ကလည်း စာနဲ့တင်မလို့ လုပ်ထားပါတယ်။ ပထမတော့ ပြည်နယ်ဝန် ကြီးချုပ်တွေကလည်း ခေါထီရွာကို ဦးစားပေးချင်တာ။ အခုတော့ ကျွန်တော်တို့ကိုလည်း လုပ်ပေးမယ်ဆိုတော့ နားအေးသွားတာပေါ့။ လာမယ့်နွေရာသီမှာဆိုရင်တော့ ရေအခက်အခဲကြုံနိုင်ပါတယ် ။ လောလောဆယ်တော့ လက်ရှိရေထွက်ကို ကွင်းဆင်းပြီး သွားကြည့်တယ်။ ရေစုကန်ကနေ ပေ ၇၀၀ လောက်ပလတ်စတစ်သုံး မတ်ပိုက်နဲ့အပြည့် ရေထွက်တာရှိလို့ ပြန်ပေါင်းလိုက်တယ်။ ဒါပေမဲ့ နွေရာသီရောက်လာရင် ရေကခန်း ဦးမှာလေ။ နီးနီးနားနားမှာ ဘာတစ်ခုမှသွယ် စရာမရှိဘူး။ ရိဒ်ရေကန်ကိုပဲ အားကိုးရမှာပေါ့။ နည်းနည်းတော့ဝေးတာပါ။ ရိဒ်ရေကန်ထဲက ရေကမသန့်ဘူး၊ နံတယ်။ ရေမှော်အနံ့တွေက တအားစူးတယ်။ သောက်ရေအတွက် မကောင်းဘူး။ သုံးရေအတွက်တော့ရမယ်”ဟု ဦးချန်လျန်မာက ပြောကြားခဲ့သည် ။
ရိခေါဒါရ်မြို့သည် အိန္ဒိယ - မြန်မာနယ်စပ်တွင်တည်ရှိပြီး တောင်ပေါ်တွင်ရှိသော မြို့ဖြစ်သည့်အတွက် ရေတွင်းတူး၍မရဘဲ စိမ့်စမ်းရေများကိုသာ အားထားသွယ်ယူ၍ အသုံးပြုရသည်ဟု သိရသည်။
-
ဟစ်ဇဘိုလာနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စ အစ္စရေး မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး သဘောတူညီမှုရရန် နီးစပ်ဟု အမေရိကန် ပြောကြား
-
မြန်မာ့ကုန်ထုတ်လုပ်ရေးကဏ္ဍအတွင်း လုပ်ငန်းအခြေအနေများ သုံးလဆက်တိုက် ကျဆင်းလာပြီး အလုပ်ခန့်ထားမှုမှာလည်း ရှစ်လအတွင်း ပထမအကြိမ်အဖြစ် ကျဆင်းလာကြောင်း ဖော်ပြ
-
အိန္ဒိယ ကမ်းခြေစောင့်တပ်က ကပ္ပလီပင်လယ်တွင် မြန်မာငါးဖမ်းလှေပေါ်မှ မက်သ်အဖက်တမင်း ၅ ဒသမ ၅ တန် ဖမ်းဆီး
-
တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းခဲ့သည့် စစ်ကိုင်းမြို့ အစေခံတပ်နှင့် ကနောင်မင်းသားကြီး သံချက်ဖိုသို့ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုနည်းပါးနေ
-
အဂတိလိုက်စားပြီး တရားစီရင်နေသည်ဟုဆိုကာ ရေနံချောင်းမြို့ နယ်တရားသူကြီးအား ငါးရက်ဆက်တိုုက်ဆန္ဒပြ