Top News

YBS (၃၇) ယာဉ်လိုင်းတွင် ငွေကြေး မသမာမှုများရှိသည်ဟုဆိုကာ အရေးယူပေးရန် အပါအဝင် အချက် ခြောက်ချက်အား တောင်းဆိုသည့် လက်ပတ်နီလှုပ်ရှားမှု ယာဉ်မောင်းများ ပြုလုပ် 
24htopnews | November 27, 2024 6:12 PM CST

YBS 37 ယာဉ်လိုင်းတွင် ငွေကြေး မသမာမှုများ ရှိသည်ဟုဆိုကာ အရေးယူပေးရန်အ ပါအဝင် အချက် ခြောက်ချက် တောင်းဆိုသည့် လက်ပတ်နီ လှုပ်ရှားမှုကို Y.B.P.D  ရန်ကုန်ဘတ်(စ်)ကား အများနှင့်ဆိုင်သော ယာဉ်မောင်းများသမဂ္ဂက  ဇန်နဝါရီ ၂၈ ရက် က ပြုလုပ်ခဲ့သည်။

အဆိုပါ လက်ပတ်နီ လှုပ်ရှားမှုတွင် ထောက်ကြန့်၊ ၀ါယာလက်၊ မှော်ဘီ၊ လှည်းကူး၊ ဥက္ကံများသို့ပြေးဆွဲနေသော YBS 37 ယာဉ်လိုင်း ငါးလိုင်းမှ ယာဉ်မောင်းများနှင့် YBS 43 ၊ 96  ယာဉ်လိုင်းမှ ယာဉ်မောင်းအချို့ စုစုပေါင်း ယာဉ်မောင်း ၃၀၀ ကျော်က ဇန်နဝါရီ ၂၈ ရက် နံနက် ၄ နာရီမှ မွန်းလွဲ ၁ နာရီအထိ လက်ပတ်နီလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက် YBS 37 ယာဉ်လိုင်း ငါးခုနဲ့ ၄၃ ယာဉ်လိုင်းနဲ့ ၉၆ ယာဉ်လိုင်းက အဖွဲ့ဝင်တချို့ ပါဝင်ပြီး လက်ပတ်နီ လှုပ်ရှားမှု လုပ်ခဲ့တယ်။ အဲဒီမှာ ဒီကုမ္ပဏီရဲ့ အကြီးဆုံးဖြစ်တဲ့ ဒေါက်တာ မောင်အောင်နဲ့ ဦးလှအောင်တို့က ခေါ်ယူတွေ့ဆုံပြီးတော့ ကျွန်တော်တို့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ တစ်ပတ်အတွင်း ဆောင်ရွက်ပေးပါမယ်လို့ ပြောတယ်။ သူတို့ညှိနှိုင်းတာ အဆင်ပြေတဲ့အတွက် ကမ်ပိန်းလှုပ်ရှားမှုကို ခေတ္တ ရပ်နားထားပါတယ်။ ကျွန်တော်တို့ လက်ရှိ တောင်းဆိုထားတဲ့အချက်တွေ မရရှိဘူးဆိုရင် ငြိမ်းစုစီ ဥပဒေနဲ့အညီ ဒီထက် တစ်ဆင့်မြင့်တာကို လုပ်ဆောင်သွားမှာပါ”ဟု Y.B.P.D ရန်ကုန်ဘတ်(စ်)ကား အများနှင့် ဆိုင်သော ယာဉ်မောင်းအခြေခံ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးနိုင်စိုးဝင်းက ပြောကြားသည်။

Y.B.P.D ရန်ကုန်ဘတ်(စ်)ကား အများနှင့်ဆိုင်သော ယာဉ်မောင်းများသမဂ္ဂ၏ တောင်းဆိုချက်များမှာ YBS 37 ယာဉ်လိုင်းများတွင် ဖြစ်ပေါ်နေသော ယာဉ်စီးနင်းခ၊ ငွေကြေး မသမာမှု (ခိုးမှု) များအား စစ်ဆေး ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူပေးရန်၊ ယာဉ်မောင်း အလုပ်သမားများနှင့် အလုပ်ရှင်အကြား တရားဝင်ချုပ်ဆိုရမည့် (EC) စာချုပ် နှစ်ဖက်ညှိနှိုင်း၍ အမြန်ချုပ်ဆိုပေးရန်၊ ယာဉ်မောင်းများ၏ အချိန်ပိုကြေးအား အလုပ်သမားဥပဒေနှင့်အညီ တရားဝင် သတ်မှတ်ပေးရန်၊ ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် အာမခံကုမ္ပဏီများက ပေးလျော်သည် ဖြစ်စေ၊ မလျော်သည် ဖြစ်စေ၊ ထိခိုက်ဆုံးရှုံးမှု တန်ဖိုး၏ သုံးပုံနှစ်ပုံအား ယာဉ်မောင်းက လျော်ပေးရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်အား ပယ်ဖျက်ပေးရန် နှင့်တရားမျှတမှု ရှိသော စည်းကမ်း သတ်မှတ်ချက်အသစ် ဖြစ်ပေါ်လာစေရန်၊ လစာ သုံးသိန်းအား နှစ်ကြိမ် ခွဲပေးရာတွင် အပြည့်အဝပေးရန်၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (WCC) တရားဝင် ဖွဲ့စည်းပေးရန် စသည့်အချက် ခြောက်ချက်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်ပတ်နီ လှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၊ YRTA  ရုံးချုပ်၊ Y.B.P.C ရုံးချုပ်၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(မြို့နယ်ရုံး) မှော်ဘီမြို့ တို့ကို ပေးပို့ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK